မြောက်ဦးယဉ်ကျေးမှု ထိန်းသိမ်းရေး စိုးရိမ်ဘွယ် အနေအထား၌ ရှိနေဆဲ

မြောက်ဦးယဉ်ကျေးမှု ထိန်းသိမ်းရေး စိုးရိမ်ဘွယ် အနေအထား၌ ရှိနေဆဲ
by -
မဇ္စျိမ

ယမန်နှစ်က ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့(Global Heritage Fund) မှ ထုတ်ပြန်သော အစီရင်ခံစာတွင် မြောက်ဦးမြို့ကို အာရှတိုက်၏ စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသော ယဉ်ကျေးမူ အမွေအနှစ် ၁၀ခု စာရင်းသွင်းခဲ့ပြီး တနှစ်တာကြာသည့် ယနေ့အချိန်ထိ “မြောက်ဦးမြို့တော်၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးမှာ လွန်စွာစိုးရိမ်ဘွယ် အနေအထား၌ပင်် ရှိနေဆဲဖြစ်ကြောင်း” ရခိုင် သမိုင်းပညာရှင်များက သုံးသပ်ကြသည်။

၂၀၁၂ခုနှစ်၊ မေလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါ အစီရင်ခံစာတွင် အာရှတိုက်၏ ရှေးခေတ် ဗိသုကာ လက်ရာများမှာ စီးပွားရေးလုပ်ငန်းများ ထွန်းကားလာခြင်း၊ လုံလောက်သော ပြုပြင် ထိန်းသိမ်းမှု မရှိခြင်း၊ ခိုးယူလု ယက်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်းနှင့် ခရီးသွားလုပ်ငန်းများ ကျယ်ပြန့်လာခြင်း တို့ကြောင့် ပျက်စီးပျောက် ကွယ်မည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် နေရာ၁၀ခုတွင် ထိုင်းနိုင်ငံမှ အယုဒ္ဓယ၊ အာဖဂန်နစ္စတန်နိုင်ငံမှ ဗုဒ္ဓသာသနိက အဆောက်အအုံ တခု၊ တရုတ်နိုင်ငံမှ ရှေးဟောင်းမြို့တော် တခုနှင့် အတူ မြန်မာနိုင်ငံမှ ရှေးဟောင်းမြို့တော် မြောက်ဦးကိုလည်း ဖော်ပြထားသည်။

မြောက်ဦးမြို့တွင် နေထိုင်ပြီး မြောက်ဦးပြတိုက်မှူးအဖြစ် ဆောင်ရွက်ခဲ့သူ ရှေးဟောင်း သုတေသန ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဟောင်း (ငြိမ်း) ဦးကျော်ထွန်းအောင်က မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ် ဇုံထိန်းသိမ်းမှုသည် ယခင်နှစ်ကထက် ပိုမိုဆိုးလာပြီး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို ဖြတ်ကာ ရထားလမ်း၊ ကားလမ်း ဖောက်လုပ်မှုများ၊ ဟိုတယ်နှင့် အခြားအဆောက်အဦးများ နေရာယူမှုတို့သည် ယဉ်ကျေးမှု အမွေအနှစ်ကို ပျက်စီးစေသည်ဟု ဆိုသည်။

၎င်းက  “ နန်းတော်ရာကုန်းမှာ မြေတူးတဲ့လုပ်ငန်းလို မိမိတို့ဌာနနဲ့ မဆိုင်တဲ့လုပ်ငန်းတွေကို လုပ်ကိုင်တာတွေ ရှိနေတယ်။ အထူးသဖြင့် မြောက်ဦး ရှေးဟောင်း သုတေသန ဦးစီးဌာနအနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်း ဥပဒေတွေနဲ့ အညီကိုင်တွယ် ထိန်းသိမ်းမှုပိုင်းမှာ အားနည်းနေတာ တွေ့ရတယ်”ဟု ဆိုသည်။

အာရှတိုက် တခုလုံး၏ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမှု အညံ့ဖျင်းဆုံး ၁၀နေရာ စာရင်းတွင် ပါ၀င်လာ ရခြင်းမှာ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ဒေသတွင်် ရှေးဟောင်းဘုရား စေတီပုထိုးများ ပြုပြင်ရာတွင် ရှေးဟောင်း သုတေသန နည်းစနစ်နှင့်အညီ မဟုတ်ဘဲ ပြုပြင်မွမ်းမံခြင်း၊ သက်ဆိိုင်ရာက ကားဂိတ်များ အား နန်းတော်အထဲမှာ နေရာချထားခြင်း စသည့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ အတားအဆီး အတိုင်းအဆမရှိ ပျက်စီးချင်တိုင်း ပျက်စီးနေသည့် အခြေအနေ များကြောင့်Global HeritageFund က စိုးရိမ်ဘွယ်ရာ စာရင်းထဲမှာ ထည့်သွင်း ထားခြင်းဖြစ်သည်ဟု ရခိုင်သမိုင်းပညာရှင်တို့က ဆိုသည်။

အဆိုပါ စာရင်းမှ ပယ်ဖျက်နိုင်ရန်အတွက် မြောက်ဦးမြို့နယ်နှင့် ကျောက်တော် မြို့နယ်များသို့ သွားရောက်ကာ နေရာငါးခု၌ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဟောင်းသုတေသနဌာနမှ စားသောက်ဆိုင် လုပ်ဆောင်ခွင့်သာ ပေးထားသည်ကို  ယဉ်ကျေးမှုဇုံအတွင်း ၀င်ရောက်ကာ ဟိုတယ်ဆောက်လုပ်သဖြင့် ဌာနမှ တရားစွဲဆိုခဲ့သည်ဟု ဦးကျော်ထွန်းအောင် ကပြောပြခဲ့ သည်။

နိုင်ငံတကာ သမိုင်းပညာရှင်များက ရခိုင်သမိုင်းကို ဓညဝတီခေတ် (ဘီစီ ၃၃၂၅-အေဒီ ၃၂၇) ၊ ဝေသာလီ
ခေတ်( အေဒီ ၃၂၇-အေဒီ၈၁၈)၊ လေးမြို့ခေတ် (အေဒီ ၈၁၈-အေဒီ ၁၄၃၀) မြောက်ဦးခေတ် (အေဒီ၁၄၃၀-
အေဒီ၁၇၈၄) ဟူ၍ ခေတ် လေးခေတ် သတ်မှတ်ထားခဲ့ပြီး မြောက်ဦးမြို့မှာ ရခိုင်တို့၏ နောက်ဆုံး နန်းမြို့တော် ဖြစ်သည်။

မြောက်ဦးခေတ်သည် ခေတ်အဆက်ဆက်မှ ရခိုင်ယဉ်ကျေးမှု အနုပညာ ဗသုကာ လက်ရာများ ပေါင်းဆုံခဲ့ သဖြင့် ရခိုင်သမိုင်းတွင် အရေးပါကြောင်း ဦးကျော်ထွန်းအောင်က ရှင်းပြခဲ့သည်။ ထို့ကြောင့် ယူနက်စကို အသိအမှတ်ပြု ယဉ်ကျေးမှု အမွေအနှစ် နယ်မြေဖြစ်လာရေး တန်းစီဇယားတွင် တတိယနေရာ ရရှိထားသည်ဟု သိရသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍  ဦးကျော်ထွန်းအောင်က “အစိုးရက ဗိဿနိုး၊ဟန်လင်းနဲ့ပုဂံကိုတင်ပြတယ်။ ဒါပေမယ့် World Heritage ကပုဂံကို လုံးဝလက်မခံခဲ့ဘူး။ ဘာလို့လဲဆိုတော့ ပုဂံမှာ အဆောက်အဦး အသစ်တွေ၊ ဟိုတယ်တွေဟာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို လွှမ်းမိုးပြီး၊ ရှေးဟောင်း ယဉ်ကျေးမှု နဂို ပင်မ စရိုက် လက္ခဏာတွေ အားလုံး ပျက်စီးသွားလို့ပါပဲ။ ဒါကြောင့် ဗိဿနိုးနဲ့ ဟန်လင်းကို  သက်တမ်းအရ တန်းစီဇယားထိပ်မှာ ထားပြီးတော့ မြောက်ဦးကို တတိယနေရာမှာ ထားလိုက်တယ် ” ဟုထောက်ပြခဲ့သည်။

“မြောက်ဦးဟာ ရခိုင်လူမျိုးရပ်တည်ရှင်သန်မှုရဲ့ အမှတ်သင်္ကေတဖြစ်တယ်။ ရခိုင်တို့ရဲ့အသည်းနှလုံး ဆိုရင်လည်း မမှားဘူးပေါ့။ ဒါတွေကိုအဓိက တာဝန်ယူထားရတဲ့ ရှေးဟောင်းသုတေသနဦးစီးဌာနက သူတို့နဲ့မဆိုင်သလို လုပ်နေတာ တွေ့ရတော့ အကြီးအကျယ်စိတ်ပျက်မိတယ်” ဟုမြောက်ဦးဒေသခံ စာရေးဆရာ နောင်အေး က မှတ်ချက်ပြုသည်။

မြောက်ဦးမြို့မှာ ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃၀ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၅ နှစ် တည်တံ့ခဲ့ပြီး၊ ရခိုင်မင်းဆက်ပေါင်း ၄၈ ဆက်စိုးစံခဲ့သည့် ရခိုင်သမိုင်းဆိုင်ရာ ယဉ်ကျေးမူအမွေအနှစ်များ အထူး ပေါကြွယ်ဝသော ရှေးဟောင်း မြို့တော် တခု ဖြစ်သည်။

Most read this week