ကမ္ဘာကျော် ဗြိတိသျှ အသံထုတ်လွှင့်မှု ကော်ပိုရေးရှင်း (BBC) မှ ၎င်းနိုင်ငံ၏ ဒေသစံတော်ချိန် မတ်လ ၂၈ ရက်နေ့ မွန်းတည့်မှ စတင်၍ ဝန်ထမ်းများ သပိတ်မှောက်မှုကြောင့် မြန်မာပိုင်း ဌာနသို့လည်း ရိုက်ခတ်မှု ရှိခဲ့ကာ တိုက်ရိုက် အသံလွှင့်မှုအစား ကြိုတင် အသံသွင်း ထုတ်လွှင့်မှုဖြင့် အစားထိုး ထုတ်လွှင့်ခဲ့ရသည်။
“ဘီဘီစီ အသံလွှင့် ဌာနမှာ အလုပ်တွေ လျှော့ချတာကို ကန့်ကွက်တဲ့အနေနဲ့ စာနယ်ဇင်းနဲ့ သတင်းထောက် အလုပ်သမား သမဂ္ဂဝင် ဘီဘီစီ ဝန်ထမ်းတွေ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြတာမို့ အသံလွှင့် အစီအစဉ်ကို ခါတိုင်းလို တိုက်ရိုက် မဟုတ်ဘဲ ကြိုတင် အသံသွင်း ထုတ်လွှင့် ပေးခြင်း” ဖြစ်ကြောင်း ကြာသပတေးည ဘီဘီစီ ရေဒီယို အသံလွှင့် အစီအစဉ်တွင် ပါရှိသည်။
ထိုဆန္ဒပြမှုကြောင့် မြန်မာဌာန အနေဖြင့် အနည်းငယ် သက်ရောက်မှုရှိမည် ဖြစ်သော်လည်း ကြီးကြီးမားမား ရှိလိမ့်မည် မဟုတ်ဟု ဘီဘီစီ မြန်မာပိုင်းဌာန အသိုင်းအဝိုင်းက ဆိုသည်။
လျှော့ချမှုကို လွန်ခဲ့သည့် သုံးနှစ်ခန့်က ဆုံးဖြတ်ပြီးသား ဖြစ်ကာ ဘဏ္ဍာရေး အသုံးစရိတ် လျှော့ချမှုကြောင့် ဌာနများ ထိခိုက်မှု အနည်းဆုံး ဖြစ်ရန် သုံးနှစ်ခန့် စောင့်ဆိုင်း ပေးခဲ့ပြီး ဖြစ်သည်ဟု မြန်မာပိုင်းဌာနမှတဆင့် စုံစမ်း သိရှိရသည်။
ယခုမှ ထိုဆုံးဖြတ်မှု အသက်ဝင်လာကာ အလုပ်ပြုတ်မည့် ဝန်ထမ်းများက သမဂ္ဂများနှင့် ညှိကာ ဆန္ဒပြခြင်း ဖြစ်သည်။ ထိုသို့ မတိုင်ခင်လည်း ညှိနှိုင်းခဲ့မှုများ ရှိကာ အလုပ်ပြုတ်မည့် ဝန်ထမ်းများအား အခြား လူလိုသည့် ဘီဘီစီ ဌာနများသို့ ဝင်ရောက် လုပ်ကိုင်စေခြင်းနှင့် ပြင်ပသို့ ထွက်ရမည့် လူများကိုလည်း လိုအပ်သည့် ကျွမ်းကျင်မှုများ သင်ကြားပေးခြင်း စသည်တို့ကို ဘီဘီစီက ဆောင်ရွက်ခဲ့သည်။
“ဘီဘီစီ စီမံခန့်ခွဲသူတွေက အလုပ်နေရာတွေ လျှော့ချပစ်တာ၊ အဲဒီလို လျှော့ချပစ်တာ တွေကြောင့် ကျန်သူတွေမှာ စိတ်ဖိစီးမှုတွေ များလာတာ၊ အလုပ်တာဝန်တွေ ပိုလာတာအပြင် လုပ်ငန်းခွင်တွင်း ဖိနှိပ် အနိုင်ကျင့်မှုတွေ ရှိနေတာကြောင့်” ဟုလည်း ဆန္ဒပြရသည့် အကြောင်းရင်းကို ဘီဘီစီ မြန်မာ ဘာသာ ဖေ့စ်ဘွခ် စာမျက်နှာ၌ ရေးသားထားသည်။
ဆန္ဒပြမှုကို သမဂ္ဂ အဖွဲ့ဝင် ဘီဘီစီ နည်းပညာပိုင်း ဝန်ထမ်းနှင့် သတင်းထောက်များမှ ဆန္ဒ ပြခဲ့ခြင်း ဖြစ်ကာ ၁၂ နာရီကြာမြင့်မည်ဟုလည်း ဖော်ပြထားသည်။
ဘီဘီစီမှ ဘာသာစကား ၂၈ မျိုးဖြင့် ထုတ်လွှင့် ပေးနေလျက် ရှိကာ သတင်းထောက် ၄၀၀ ကျော် ၂၄ နာရီ ပတ်လည် အလုပ်လုပ်နေကြလျက် ရှိသည်ဟုလည်း ဆိုသည်။
ဘီဘီစီ ဝန်ထမ်းများ အလုပ်မလုပ်ဘဲ သပိတ်မှောက် ကြခြင်းကြောင့် သတင်းလွှာ ရေးသား ထုတ်ဝေမှု အပိုင်းများ အပါအဝင် ဘီဘီစီ၏ အသံလွှင့် အစီအစဉ်များအပေါ် ကြီးစွာ ရိုက်ခတ် လိမ့်မည်ဟု သမဂ္ဂများက ပြောကြားကာ ဘီဘီစီ တာဝန်ရှိသူများ အနေဖြင့်မူ အခုကဲ့သို့ ဝန်ထမ်းများ သပိတ်မှောက်မှာကို စိတ်ပျက်သည့် အကြောင်းနှင့် အဆင်မပြေမှု များအတွက် တောင်းပန်ကြောင်း ဆိုသည်။
အစောပိုင်း နှစ်များတွင် ဘီဘီစီ မြန်မာဌာန အနေဖြင့် တနှစ်လျှင် စတာလင် ပေါင် ရ သန်းခန့် သုံးစွဲလျက် ရှိရာမှ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ဗြိတိန် အစိုးရ၏ ခြိုးခြံချွေတာရေး အစီအစဉ်အရ ဘတ်ဂျက်အား သုံးနှစ်အတွင်း ၁၅ ရာခိုင်နှုန်း (တသန်း ၅ သောင်း) လျှော့ချမည်ဟု ကြေညာခဲ့သည်။
ထိုလျှော့ချမှုကြောင့် အရှေ့ဥရောပ နိုင်ငံများသို့ ထုတ်လွှင့်နေသည့် ဘီဘီစီ အသံလွှင့် အစီအစဉ်များ ရပ်ဆိုင်း လိုက်သည်။ ဤရပ်ဆိုင်းလိုက်သည့် အစီအစဉ်မှ ဘတ်ဂျက်များကို အာရပ် ဘာသာဖြင့် ရုပ်မြင်သံကြား အစီအစဉ်အား တိုးချဲ့ ဖွင့်လှစ်ခဲ့သည်။
မြန်မာဌာနမှာ ကြီးမားသော ဘတ်ဂျက်ဖြင့် လည်ပတ်နေသည် မဟုတ်၍ ထူးထူးခြားခြား လျှော့ချနိုင်ဖွယ် မရှိကြောင်းလည်း ဌာန အသိုင်းအဝိုင်းက သုံးသပ်ကြသည်။
မြန်မာဌာနမှ ၂၀၀၈ ခုနှစ်တွင် နောက်ဆုံး ကောက်ယူခဲ့သည့် စစ်တမ်းအရ ဘီဘီစီ မြန်မာပိုင်း ရေဒီယို အစီအစဉ် ထုတ်လွှင့်မှုအား တပတ်လျှင် နားထောင်သူ ဦးရေ ၈.၂ သန်း ရှိသည်ဟု ဆိုပြီး အရွယ်ရောက်ပြီး သည့် လူဦးရေ၏ ၂၃ ရာခိုင်နှုန်း နားထောင်လျက် ရှိသည်ဟု ဆိုသည်။