ခွင့်ပြုချက် မရှိသဖြင့် ကြို့ပင်ကောက်မြို့အထိသာ ကူညီရေးပစ္စည်းများ ပေးအပ်နိုင်

ခွင့်ပြုချက် မရှိသဖြင့် ကြို့ပင်ကောက်မြို့အထိသာ ကူညီရေးပစ္စည်းများ ပေးအပ်နိုင်
by -
မဇ္စျိမ

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသောကြောင့် ကြိုတင်ခွင့်ပြုချက် တောင်းခံထားခြင်း မရှိပါက မည်သည့် လုပ်ငန်းကိစ္စရပ်ကိုမှ ခွင့်မပြုနိုင်ကြောင်း ကြို့ပင်ကောက်မြို့နယ် အုပ်ချူပ်ရေးမှူးက တားမြစ်ခဲ့သောကြောင့် ကူညီရေးပစ္စည်းများကို ကြို့ပင်ကောက်မြို့တွင်သာ ပေးအပ်နိုင်ခဲ့သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက မဇ္စျိမသို့ ပြောသည်။

ခရီးစဉ်အား အုတ်ဖို၊ မင်းလှ၊ ကြို့ပင်ကောက်မှ နတ်တလင်းအထိ စီစဉ်ထားသော်လည်း ကြို့ပင်ကောက် မြို့နယ် အုပ်ချူပ်ရေးမှူး ဦးသိန်းထွန်းအောင်မှ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း ပြောဆို တားဆီးခဲ့ခြင်းဖြစ်သည်။

တားမြစ်နယ်မြေများသို့ သွားရောက်ခွင့်မရခဲ့သော်လည်း အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာဒေသများရှိ ပြည်သူများထံ ကူညီ လှူဒါန်းမှုများ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း လိုက်ပါသွားသူ ဒေါ်ဖြူဖြူသင်းက ဆက်ပြောသည်။

၎င်းက “ မိတ္ထီလာကို ရောက်တော့ ဒုက္ခရောက်နေတဲ့ လူတွေကို တွေ့ဖို့ပဲ အလုပ်ရှုပ်နေတော့ အုပ်ချူပ်ရေး ဘက်ကို အသိမပေးလိုက်မိဘူး။ ကိုယ်လုပ်စရာရှိတာကို အရင်လုပ်လိုက်တဲ့အတွက် နောက်မှ တွေ့ဖြစ်သွား တာပါ။ သေချာရှင်းပြလိုက်တော့ နားလည်သွားပါတယ်” ဟု ဆိုသည်။

ကြို့ပင်ကောက်မြို့နယ်အုပ်ချူပ်ရေးမှူး ရုံးသို့ မဇ္စျိမမှ မေးမြန်းရာ ဆက်သွယ်၍ မရခဲ့ပေ။

ကြို့ပင်ကောက် မြို့နယ်သို့ လာရောက်အားပေး တွေ့ဆုံခြင်းနှင့် ပတ်သတ်၍ ဒေသခံများက အားရဝမ်း သာဖြစ်မိကြောင်း ပဋိပက္ခများနှင့် ပတ်သတ်၍ ကြောက်ရွ့ံနေကြကြောင်း ဒေသခံတဦးဖြစ်သူ ကိုသူရက မဇ္စျိမကိုပြောသည်။

၎င်းက “ ကျွန်တော်တို့ ဒေသခံတွေကတော့ အရမ်းကိုအားတက်တာပေါ့။ အားလုံးက စိုးရိမ် ထိတ်လန့်နေ ကြတယ်။ ဘာကြောင့်မှန်းမသိ ဘယ်လိုကြောင့်မှန်းမသိပဲ ဖြစ်နေတာ” ဟု ခံစားချက်ကို ရှင်းပြသည်။

၈၈ မျိူးဆက်ကျောင်းသားအဖွဲ့မှ မနီလာသိန်း၊ မမီးမီးနှင့် တက္ကသိုလ်ကျောင်းသား သမဂ္ဂများမှ ကျောင်းသားများ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်း အစရှိသူတို့ စုပေါင်းကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ပဲခူးတိုင်း၊ ပြည်ခရိုင်သို့ အဝတ်အထည်၊ ငွေကြေးများနှင့် ဆေးဝါးပစ္စည်းများ ကိုမတ်လ ၂၈ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

လူမှု ကူညီကယ်ဆယ်ရေးများနှင့် အေးချမ်းတည်ငြိမ်မှု ရှိစေရန် ရည်ရွယ်၍ ဒေသခံ အစ္စလာမ်ဘာသာဝင်များ ဗုဒ္ဓဘာသာဝင်များနှင့် တွေ့ဆုံရန်၊ ဖြစ်စဉ်များကို လေ့လာရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Most read this week