စားနပ်ရိက္ခာ အကြပ်အတည်းနှင့် ရင်ဆိုင်နေရသော ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွက် ဧပြီလ ၁ ရက်နေ့မှ စတင်မည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ဘဏ္ဍာရေးသုံးစွဲမှုများမှ ကျပ်သိန်းပေါင်း တသောင်းခွဲခန့် သုံးစွဲသွားမည်ဟု မြစ်ကြီးနားမြို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် က ပြောကြားခဲ့ကြောင်း ဒေသခံများက ဆိုသည်။
မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက် လီဆူအေဂျီ အသင်းတော်ခန်းမတွင် ဒေသခံ ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ကိုယ်စားလှယ် ၁၀၀ ခန့်အား အင်္ဂါနေ့က တွေ့ဆုံ၍ ကြံ့ခိုင်ရေးပါတီ၏ လုပ်ဆောင်နေမှုများကို ရှင်းပြစဉ် ပူတာအိုဒေသအတွက် စားနပ်ရိက္ခာနှင့် လမ်းပန်း ဆက်သွယ်ရေးအတွက် ထောက်ပံ့မည်ဟု ဦးသိန်းဇော်က ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။
“သူက ပူတာအို လမ်းဖောက်ဖို့ ဘတ်ဂျက်တွေ ဘယ်လောက်သုံးမယ် ဆိုတာတွေ၊ ငြိမ်းချမ်းရေး ရရှိအောင် လုပ်ဆောင်နေတာတွေ၊ မကြာခင် လျှပ်စစ်မီး ရမယ်။ မန္တလေး၊ မြစ်ကြီးလမ်းကို ကောင်းအောင်လုပ်မယ်။ အင်းတော်ကြီး ပတ်ဝန်းကျင်၊ နန့်မွန်းအထိ မီးရဖို့ မကြာခင် မီးကြိုးတွေ သွယ်တန်းမယ်။ သူလုပ်နေတာတွေ
ပြောပြတယ်” ဟု ရိုမင်ကက်သလစ်မှ ဘုန်းကြီး ဇော်တန် က ပြောသည်။
ပူတာအိုဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ စားနပ်ရိက္ခာပြတ်လပ်သည့် အခက်အခဲနှင့် နှစ်စဉ် ကြံုတွေ့နေရသဖြင့် အစိုးရက ဆန်များ ကူညီထောက်ပံ့ပေးရလေ့ရှိသည်။
ထို့ပြင် မြစ်ကြီးနား-မန္တလေး၊ မိုးညှင်း- အင်းတော်ကြီး၊ ပူတာအို-ခေါင်လန်ဖူး၊ ဗန်းမော်-ရွှေကူ စသည့် လမ်းမကြီးများကို လာမည့် နွေရာသီတွင် ပြန်လည် ပြုပြင်သွားမည်ဟု ဦးသိန်းဇော်က ဆိုသည်။
ဦးသိန်းသည် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီတွင် ဒု-ဥက္ကဋ္ဌ တာဝန်ယူထားပြီး သူ၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေမှုများ၊ ဥပဒေ ပြုကော်မတီတွင် မည်သို့ လုပ်ဆောင်နေသည်ကို ရှင်းပြခဲ့ခြင်း ဖြစ်သည်။
သို့သော် စစ်ပြေးဒုက္ခသည်များနှင့်ပတ်သက်၍ မည်သည့်စကားတခွန်းမှ ပြောဆိုခဲ့ခြင်း မရှိပေ။
ထိုတွေ့ဆုံပွဲသို့ တက်ရောက်လာသော ရိုမင်ကက်သလစ်၊ ကချင်နှစ်ခြင်းခရိယာန်အဖွဲ့ချုပ် အပါအဝင် ဘာသာပေါင်း ၁၉ ဘာသာတို့အား ဦးသိန်းဇော်က ဆန် ၅ အိတ်နှင့် ငွေကျပ် ၁ သိန်းစီ ပေးအပ်လှူဒါန်းခဲ့သည်။
ယခုကဲ့သို့ ဘာသာရေး ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်းသည် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်ခြင်းလည်း ဖြစ်နိုင်သည်ဟု အစည်းအဝေး တက်ရောက်သူ ကိုယ်စားလှယ်တဦးက ပြောသည်။
“သူက ကြံ့ခိုင်ရေးပါတီကနေ ဘယ်လိုလုပ်နေတယ်။ နောက်တကြိမ် ရွေးကောက်ပွဲအတွက် မဲဆွယ်တာလည်း ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ သူက ဘာသာတိုင်းကို ပိုက်ဆံနဲ့ ဆန်ပေးတယ်။ နောက်တခုက သူဘက်ကနေကျေးဇူးတင်တဲ့ အကြောင်းပြတာလဲ ဖြစ်နိုင်တယ်” ဟု သူက မဇ္စျိမကို ပြောသည်။
အလားတူ ဦးသိန်းဇော်သည် ကချင်ပြည်နယ် ပူတာအိုမြို့သို့ နှစ်ရက်ကြာ သွားရောက်ခဲ့ရာ ပြီးခဲ့သည့် မတ်လ၂၄ ရက်နေ့က မချမ်းဘောမြို့နယ်၊ ထရန်ဒန်ကျေးရွာအုပ်စု၊ ဆင်လွမ်ဒန်း ကျေးရွာတွင် ဒေသခံများနှင့် တွေ့ဆုံခဲ့ပြီး မတ်လ ၂၅ ရက်နေ့တွင် ပူတာအိုမြို့တော်ခန်းမတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့သည်ဟု ပူတာအိုဒေသခံ တဦးက ပြောသည်။
“ဒီဒေသ ဖွံ့ဖြိုးရေးလုပ်မယ်။ နိုင်ငံတော်က ဘတ်ဂျက်ကို လုပ်ပေးလိုက်တယ်ဆိုတာတွေ ပြောသွားတယ်။ ကားလမ်းတွေ၊ ချောင်းတံတားတွေလုပ်ဖို့ ဘတ်ဂျက် ချတယ်ဆိုတာ ပြောသွားတယ်။ ပူတာအိုခရိုင်အတွက် တိုးတက်ဖို့ လုပ်မယ်ဆိုတော့ ကျေနပ်တာပေါ့။ နောက် ကုန်စျေးနှုန်းတွေ ဒီထက်ပိုကျလာအောင် အစိုးရက လုပ်ပေးရင် ပိုကောင်းတာပေ့ါ” ဟု မဇ္စျိမကို ပြောသည်။
ထို့ပြင် ပူတာအိုမြို့ ဌာနဆိုင်ရာ ဝန်ထမ်းတဦးလျှင် နို့ဆီဗူး ၁၂ ဗူးဆီ အခမဲ့ ထောက်ပံ့ပေးခဲ့ပြီး ပူတာအိုမြို့ရှိ ဘာသာရေးအသင်း တသင်းလျှင် ဆန်တအိတ်စီ ထောက်ပ့ံပေးခဲ့ကြောင်း သိရသည်ဟု ဆိုသည်။
ယမန်နှစ်က အစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေးတပ် KIA တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်ခဲ့သဖြင့် ဆန်နှစ်ဗူးလျှင် ကျပ် ၁,၀၀၀ နှုန်း ပေးဝယ်ရသည်။ သို့သော် ယခုမူ လေးဗူးမှ ၁,၀၀၀ ကျပ်ဖြင့် ပေးဝယ်ရသည်ဟု ပူတာအိုဒေသခံက ပြောသည်။