ကာကွယ်ရေး ဦးစီးချုပ််၏ မိန့်ခွန်းအပေါ် ပါတီခေါင်းဆောင်အချို့ ကြိုဆို

ကာကွယ်ရေး ဦးစီးချုပ််၏ မိန့်ခွန်းအပေါ် ပါတီခေါင်းဆောင်အချို့ ကြိုဆို
by -
မဇ္စျိမ

မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်း နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်း အနားတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ပြောကြားခဲ့သည့် မိန့်ခွန်း အပေါ်ပါတီ ခေါင်းဆောင်အချို့က ကြိုဆိုလိုက်သည်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က “နိုင်ငံတော်ဟာ ဘယ်အချိန်ကမှ တပ်မတော်အတွက် မဖြစ်ခဲ့သလို နောင်လည်း ဘယ်တော့မှဖြစ်မှာ မဟုတ်ဘူး” ဟုပြောကြားခဲ့ပြီး ဖွဲ့စည်းအခြေခံဥပဒေနှင့်အညီ ခံစားခွင့်ရရှိရေးနှင့် လိုက်နာဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်သားများမှ ပြည်သူနှင့်အတူ ထိန်းသိမ်း
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို ပိုမိုလိုလားကြောင်း၊ ယနေ့အချိန်တွင် ဒီမိုကရေစီစနစ်ဖြင့် ချီတက်ရာတွင် တပ်မတော်အပါအဝင် ပြည်သူတရပ်လုံးက စည်းကမ်းရှိကြရန် ဥပဒေကို လေးစားလိုက်နာကြရန် အရေးကြီးကြောင်း မိန့်ခွန်း ပြောကြားခဲ့သည်။

အဆိုပါ ပြောကြားခဲ့သည့် မိန့်ခွန်းနှင့် ပတ်သတ်၍ ဒီမိုကရက်တစ်ပါတီ မြန်မာ မှ ဦးသုဝေက ယခုလို ပြောခြင်းသည်ကောင်းမွန်စိတ်ချရပြီး ကြိုဆိုကြောင်း သူ့အမြင်ကို မဇ္စျိမသို့ ပြောသည်။

၎င်းက “တပ်မတော်ဆိုတာ အာဏာသိမ်းပြီ ဆိုတာနဲ့ တိုင်းပြည်ပျက်တာပဲလေ။ ဒီလိုပြောတာဟာ သိပ်ကောင်း ပါတယ်။ တိုင်းပြည်အတွက် ရှိနေတယ်ဆိုတော့ စိတ်ချရတာပေါ့။ တပ်မတော်ဆိုတာ ကလည်း နိုင်ငံတော်ကို ကာကွယ်ဖို့ ထိန်းသိမ်းပေးဖို့ရယ် ကျန်သေးတယ်။ အစိုးရရဲ့ လမ်းစဉ်အတိုင်း သူတို့က လိုက်ရမှာပေါ့။ အဲဒီအတွက် ကို သူကပြောတယ်ဆိုတော့ ကျွန်တော်တို့က ကြိုဆိုပါတယ်။ ပြည်သူအတွက်ကို ၀မ်းသာပါတယ်” ဟု ဆိုသည်။

လွှတ်တော် အဖွဲ့အစည်းများနှင့် ပတ်သတ်ပြီး  အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ (NDF) မှ ဥက္ကဌ ဦးခင်မောင်ဆွေ က “ကောင်းပါတယ်။ လွှတ်တော်တွေ အဖွဲ့အစည်း နဲ့ပတ်သတ်လို့ ဘာမှ အနှောက်အယှက် ရှိမှာ မဟုတ်ပါဘူး ဆိုတာကို ပြသွားတာပါ။ ကမ္ဘာကိုရော မြန်မာကိုပါ သိစေတာက ပိုကောင်းတာပေါ့” ဟု ပြောသည်။

(၆၈) နှစ်မြောက်တပ်မတော်နေ့အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ပြီး စစ်လက်နက်ပစ္စည်းများကို ပထမဆုံး အကြိမ် ပြသခဲ့သည်။ ယနေ့ကျင်းပသည့် ( ၆၈)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင်  အမျိူးသား ဒီမိုကရေ အဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ပထမဆုံး အကြိမ် အဖြစ်တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။ ထို့အပြင် ပါတီခေါင်းဆောင်များနှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

အရှိုချင်းအမျိုးသား ပါတီမှ အထွေထွေ အတွင်းရေးမှူး ဆလိုင်းအောင်မင်းလှိုင်က ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ပြောသည့် စကားအတိုင်း ဆက်လက်ကျင့်သုံးသွားပါက အောင်မြင်မှု ရနိုင်ကြောင်းပြောသည်။

ထို့အပြင် ၈၈ မျိူးဆက်ကျောင်းသား တဦးဖြစ်သူ ကိုပြံုးချိုကလည်း တပ်မတော်ရဲ့ ဦးတည်ချက် အခန်းကဏ္ဍတွေကို တိတိကျကျ တာဝန်ထမ်းဆောင်နိုင်မယ်ဆိုရင် အထောက်အကူ ပြုနိုင်လိမ့်မည် ဖြစ်ကြောင်း သူ့အမြင်ကို ပြောပြသည်။

၎င်းက “ကျွန်တော်တို့ နိုင်ငံမှာပြုပြင်ပြောင်းလဲရေးကို သွားနေပြီဆိုတဲ့အခါ တိုင်းပြည်ရဲ့ ကျရာတာဝန်ကို သတ်သတ် မှတ်မှတ်နဲ့ တာဝန်သိသိ နဲ့ဖော်ဆောင်နိုင်မယ်ဆိုရင် ပိုကောင်းမယ်လို့ မြင်ပါတယ်” ဟု ဆိုသည်။

Most read this week