ပုဂ္ဂလိက နေ့စဉ် သတင်းစာ ထုတ်ဝေရန် လျှောက်ထားသူများအနက်မှ ဒုတိယ အသုတ်အဖြစ် နောက်ထပ် ၈ စောင်ကို ထပ်မံခွင့်ပြုလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့၏ မတ်လ ၂၅ ရက်နေ့က စိစစ်ဆုံးဖြတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည် လျှောက်ထားသော ဒီလှိုင်း သတင်းစာအပြင် အခြား ရ စောင်ကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ ယာယီ ထုတ်ဝေခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
ထိုအထဲတွင် The Daily Eleven ၊ စံတော်ချိန်၊ ခေတ်သစ်နေ့စဉ်၊ ရန်ကုန်တိုင်း(မ်)၊ မြန်မာဓိက၊ ပြည်ထောင်စု အသံနှင့် ရ ရက် နေ့စဉ် သတင်းစာတို့ ပါဝင်သည်။
“သတင်းစာ ထုတ်မယ်ဆိုပြီး လူတွေက အိပ်မက်မက်ပြီး ဂျာနယ်တွေ ထွက်ကြတယ်။ ခု တကယ် ထုတ်ဝေခွင့် ရပြီဆိုတော့ ကျနော်တို့က ပြင်ဆင်ရတော့မှာ။ ယှဉ်ပြိုင်မှုလည်း အရမ်းများမယ့် အနေအထားမှာ ရှိတယ်။ တဖက်မှာလည်း စျေးကွက် ကြီးကြီးမားမား ကျယ်ပြန့်လာမယ့် အနေအထား မရှိဘူး။ အဲဒီတော့ စိန်ခေါ်မှုတွေ အများကြီး ဖြတ်သန်းရမှာတော့ ရှိတယ်” ဟု ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာ၏ ထုတ်ဝေသူ ဦးကိုကို(စက်မှု)က ပြောသည်။
ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာ ထုတ်ဝေရေး ပြင်ဆင်ရန်အတွက် အချိန်အနည်းငယ် ယူရမည်ဖြစ်ပြီး ဇွန်လတွင် စတင်ထုတ်ဝေနိုင်မည်ဟု ၎င်းက မဇ္စျိမကို ပြောသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ နေ့စဉ်သတင်းစာများ ထုတ်ဝေရန် လျှောက်ထားမှုများကို လက်ခံခဲ့ရာ ပထမအသုတ်အဖြစ် နေ့စဉ်သတင်းစာ ၈ စောင်ကို မတ်လ ၁ ရက်နေ့က ခွင့်ပြုထားပြီး ဖြစ်၍ ယနေ့ထိ စုစုပေါင်း ၁၆ စောင်ကို ပုဂ္ဂလိကပိုင် နေ့စဉ်သတင်းစာများအဖြစ် ယာယီ ထုတ်ဝေခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
၎င်းတို့ကို တည်ဆဲဥပဒေ ဖြစ်သည့် ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ ပုဒ်မ ၈(၁) အရ ယာယီခွင့်ပြုလိုက်ခြင်း ဖြစ်ပြီး မီဒီယာဥပဒေ မပေါ်သေးသဖြင့် ထုတ်ဝေသူများ အတွက် အကြပ်အတည်း ရှိလာနိုင်သော်လည်း နားလည်မှုဖြင့် ထုတ်ဝေနိုင်မည်ဟု ဦးကိုကို(စက်မှု)က မျှော်လင့်ထားသည်။
“၁၉၆၂ ဥပဒေအရ ထိထိရောက်ရောက် အရေးယူမယ်၊ ဥပဒေမှာ ပါတဲ့အတိုင်း သုံးမယ် ဆိုရင်တော့ ကျနော်တို့မှာရှောင်ရ၊ ပြုရမှာ နည်းနည်းတော့ များမှာပေါ့။ လုပ်ရကိုင်ရမှာတော့ နည်းနည်းတော့ ကြပ်မယ်။ ဒါပေမယ့် ၁၉၆၂ ဥပဒေ ရှိပေမယ့် သက်ဆိုင်ရာက တိတိကျကျ လုပ်လိမ့်မယ်လို့ မထင်ဘူး။ ဘာလို့လဲဆိုတော့ စာပေစိစစ်ရေး မရှိတော့ဘူးဆိုတော့ နည်းနည်းတော့ နားလည်မှုနဲ့ သွားမယ်လို့ ထင်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။
စစ်ဆေးဆဲ ၃ စောင်နှင့် ထပ်မံလျှောက်ထားမည့် လျှောက်လွှာများကိုလည်း ဧပြီလတွင် ဆုံးဖြတ်မည်ဟု ယနေ့ မတ်လ ၂၆ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြပါရှိသည်။
မဇ္စျိမ အပါအဝင် မတ်လဆန်းက ကနဦး ခွင့်ပြုလိုက်သည့် သတင်းစာ ၈ စောင်တွင် ခေတ်မိုး၊ ပြည်ထောင်စုနေ့စဉ်၊ ရွှေနိုင်ငံသစ်၊ အင်ပါယာ၊ The Messenger ၊ မြန်မာနယူးစ်ဝိခ်၊ နောက်ဆုံးရနေ့စဉ် သတင်းစာ တို့ ပါဝင်သည်။