မိထ္ထီလာ ဒုက္ခသည်များအတွက် အိမ်များ ပြန်ဆောက်ပေးရန် ၈၈ စီစဉ်နေ

မိထ္ထီလာ ဒုက္ခသည်များအတွက် အိမ်များ ပြန်ဆောက်ပေးရန် ၈၈ စီစဉ်နေ
by -
မဇ္စျိမ

မိတ္ထီလာမြို့မှ အဓိကရုဏ်းဒဏ်ခံ ဒုက္ခသည်များအတွက် အိုးအိမ် အစားထိုး ဆောက်လုပ်ပေး ရန် ၈၈ မျိုးဆက် ကျောင်းသားများက စီစဉ်နေကြောင်း မြို့ခံ ကျောင်းသား ခေါင်းဆောင်တဦးက ပြောသည်။

“ဆင်ခြေဖုံး ရပ်ကွက်တွေမှာ ရှိနေတဲ့ ဒုက္ခသည်တွေအတွက် လေးပင်-သုံးခန်း အိမ် ဆောက်ပေးဖို့ စီစဉ်နေပါတယ်။ ဒေသပေါက်စျေး တွက်ချက်နေပါတယ်။ အိမ်ထောင်စုအလိုက် မီးလောင် ပျက်စီးသွားတဲ့ အိမ်တွေကို မှတ်တမ်း တွေနဲ့ စာရင်းပြုစုနေပါတယ်။ အိမ်တလုံးစာကို သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ၊ အဲလိုပုံစံမျိုးတွေ ဆောက်ဖို့ ကျနော်တို့ အစီအစဉ် ချထားပါတယ်” ဟု မိတ္ထီလာမြို့မှ ၈၈ မျိုးဆက် ကျောင်းသား ကိုထိန်မင်းခိုင် က မဇ္စျိမကို ပြောသည်။

မီးလောင်သွားသည့် မြေနေရာများတွင်သာ ပြန်လည််ဆောက်ပေးနိုင်မည်ဟု ဆိုသည်။

မတ်လ ၂၀ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် မိထ္ထီလာ အဓိကရုဏ်းကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး အိုးအိမ်အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

လက်ရှိ အခြေအနေမှာ တည်ငြိမ်လျက်ရှိသော်လည်း ခရိုင်အားကစားကွင်း၊ အထက ၁၊ အထက ၃၊ အထက ၅ နှင့် ပညာရေးကောလိပ်တို့တွင် ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းတွင် လူဦးရေ ၉,၆၄၄ ခန့်ရှိပြီး ဘုန်းကြီးကျောင်း ၁၆ ကျောင်းတွင် ခိုလှုံနေသော ဒုက္ခသည် ၃,၀၀၀ ကျော် ရှိနေသည်။

၎င်းတို့အား ပြန်လည်နေရချထားရေးအတွက် ၈၈ မျိုးဆက် ကျောင်းသားများနှင့် ဆက်သွယ်ပြီး လှူဒါန်းနိုင်ရန် ရန်ကုန်ရှိ ကိုမင်းကိုနိုင် (ဖုန်း ၀၉၄၂၅၂၉၇၇၃)နှင့် မိထ္ထီလာမြို့မှ ဒေါက်တာစန်းလှိုင် (ဖုန်း ၀၉၄၃၀၉၂၃၄၈)တို့ထံသို့ ဆက်သွယ်နိုင်ကြောင်းနှင့် အလှူရှင်အချို့ လာရောက်လှူဒါန်းလျက် ရှိကြောင်းလည်း ကိုထိန်မင်းခိုင် က မဇ္စျိမသတင်းဌာနသို့ ပြောဆိုသည်။

အစိုးရအနေနှင့်လည်း ဒုက္ခသည်များ၏ အရေးပေါ် စားဝတ်နေရေး လုံခြုံရေးကို အပြည့်အဝ ကူညီဆောင်ရွက် သွား ကာ အခြေအနေ တည်ငြိမ်လာသည့်နှင့်အမျှ ပြန်လည်နေရာချထားရေးကို အမြန်ဆုံးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။

ထို့အတွက် အစိုးရအနေနှင့် လူထုအခြေပြု အဖွဲ့အစည်းများ၊ ပုဂ္ဂလိကများ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကာ ပဋိပက္ခကြောင့် ခံစားထိခိုက်နေရသည့် လူ့အဖွဲ့အစည်းများကြား ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်မည့် ဆွေးနွေးမှုများနှင့် စိတ်ခံစားမှုများကို ကုစားနိုင်မည့် အလုပ်ရုံဆွေးနွေးပွဲများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့က မတ်လ ၂၅ ရက်နေ့စွဲဖြင့် ကြေညာသည်။

Most read this week