FEC များကို ရက် ၉၀ အတွင်း ဒေါ်လာနှင့် ကျပ်ငွေတို့ဖြင့် ပြန်လဲပေးမည်

FEC များကို ရက် ၉၀ အတွင်း ဒေါ်လာနှင့် ကျပ်ငွေတို့ဖြင့် ပြန်လဲပေးမည်
by -
မဇ္စျိမ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြား ငွေလဲလက်မှတ် (FEC) များကို ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အတွင်း ပြန်လည်ရွေးနုတ်ယူမည်ဟု မတ်လ ၂၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

FEC၁၉၉၃ ခုနှစ်က ထုတ်ဝေခဲ့သော FEC များကို ပြန်လည်ရုတ်သိမ်း မည်ဖြစ်ရာ နိုင်ငံခြားငွေ ရောင်းဝယ်သည့် လုပ်ငန်းလိုင်စင်ရှိသူထံ ငွေသားဖြင့် လဲလှယ်ခြင်းအပြင် လဲလှယ်လိုသူ၏ စာရင်းဖွင့်ထားသော ဘဏ်ရှိ အမေရိကန်ဒေါ်လာငွေ စာရင်းသို့ ထည့်သွင်းပေးခြင်း၊ လဲလှယ်သူအမည်ဖြင့် ဘဏ်တွင် သက်ဆိုင်ရာနိုင်ငံခြား ငွေစာရင်း အသစ် ဖွင့်လှစ် ထည့်သွင်းခြင်းဖြင့်လည်း လဲလှယ်နိုင်သည်။

ထို့ပြင် “ငွေလဲကောင်တာများရဲ့ နိုင်ငံခြားငွေ ဝယ်စျေးနှုန်းနဲ့ ပြောင်းလဲတွက်ချက်ရရှိတဲ့ ကျပ်ငွေကို လဲလှယ်သူ ဖွင့်လှစ်ထားတဲ့ ကျပ်ငွေစာရင်းသို့ ထည့်သွင်းခြင်း၊ လဲလှယ်သူ အမည်နဲ့ သက်ဆိုင်ရာဘဏ်မှာ ကျပ်ငွေစာရင်း အသစ်ဖွင့်လှစ် ထည့်သွင်းခြင်း၊ ဒါမှမဟုတ် ကျပ်ငွေနဲ့ ငွေသား ထုတ်ပေးခြင်းကို လဲလှယ်သူရဲ့ ဆန္ဒနဲ့အညီ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူ တဦးက ပြောသည်။

FEC များကို လဲလှယ်ပေးရန် သတ်မှတ်သည့် ကနဦးကာလ ပြီးဆုံးသည့် ဇူလိုင်လ ၁ ရက်မှ စတင်၍ နိုင်ငံခြားငွေ လက်မှတ်သုံးစွဲခွင့် မပြုတော့ပေ။

သို့သော် ကနဦး သတ်မှတ်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် အပ်နှံ လဲလှယ်နိုင်ခြင်း မရှိသူများ အတွက် ဇူလိုင် ၁ ရက်မှ ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ကာလကို အထူး ကိစ္စတစ်ရပ်အဖြစ် ဆောင်ရွက်ပေးသွားမည် ဟုလည်း ဗဟိုဘဏ်က ကြေညာသည်။

ထိုသို့ အထူးရက်များ သတ်မှတ်လဲလှယ်ပေးခြင်း၏ နောက်ပိုင်းတွင် FEC လဲလှယ်ပေးခြင်းကို ဆောင်ရွက် ပေးမည် မဟုတ်ပေ။

ထိုသို့ ဗဟိုဘဏ်၏ ထုတ်ပြန်ချက် မတိုင်မီ လက်ရှိ လှည့်လည် သုံးစွဲနေသော FEC ယူနစ်ပေါင်း ၃၀.၉၂ သန်း
ကျော်က်ို တန်ဖိုးညီ အမေရိကန်ဒေါ်လာ သို့မဟုတ် ကျပ်ငွေဖြင့် လဲလှယ်ပေးမည်ဟု မတ်လ ၂၀ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခဲ့ပြီး ဖြစ်သည်။

“နိုင်ငံခြားငွေလဲလှယ်နှုန်း စနစ်သစ်အရ နိုင်ငံခြားငွေ လက်ဝယ်ထားရှိခြင်း၊ ကိုင်တွယ်သုံးစွဲခြင်း၊ လွှဲပြောင်းပေးချေ ခြင်းများ ပြုလုပ်နိုင််သဖြင့် အစိုးရ၏ စီးပွားရေးစနစ်အတွင်း FEC အား ကြားခံအဖြစ် သုံးစွဲရန် မလိုအပ်တော့တာတွေ့ရှိရပါတယ်” ဟု ထိုနေ့ လွှတ်တော် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ပြောကြားသွားသည်။

“မြန်မာနိုင်ငံမှာ USD၊ FEC၊ ကျပ်ငွေ ဆိုပြီး ငွေကြေးပုံစံ သုံးမျိုး ဖြစ်ခဲ့တယ်။ ကမ္ဘာ့ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့
ပြဋ္ဌာန်းချက် အပိုဒ် ၄ အရ ငွေကြေးသုံးစွဲတဲ့ပုံစံက တမျိုးပဲ ဖြစ်ရမယ်။ ဒါကြောင့် ၂၀၁၄ မှာ အဲဒီကိစ္စတွေကို ပြီးအောင် လုပ်ရပါမယ်လို့ သိထားပါတယ်” ဟု မြန်မာနိုင်ငံတွင် ပြုလုပ်သည့် ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့၏ ရှင်းလင်းပွဲများသို့ တက်ရောက်ခဲ့သူ မြန်မာနိုင်ငံ သြဂဲနစ်အစုအဖွဲ့ ဥက္ကဋ္ဌ ဦးနှင်းဦး က ပြောသည်။

ဗဟိုဘဏ် FEC ပြန်လည်ရွေးနုတ်ရေး အစီအစဉ်အရ ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကိုလည်း စီးပွားရေး လုပ်ငန်းရှင် တဦးက ထောက်ပြထားသည်။

“FEC ၈၇၆ ကျပ်ဆို ဒေါ်လာလည်း ၈၇၆ ကျပ်ပဲ။ ဖလှယ်နှုန်းက တူမယ်။ အခုလို လဲလှယ်ပေးမယ် ဆိုတော့ အပြင်မှာ FEC ကို မယူတော့တာမျိုး၊ စျေးနှိမ်တာတွေ ဖြစ်လာနိုင်ပါတယ်။ FEC က အပြင်မှာ စျေးထိုးကျ လာနိုင်တယ်။ ပြီးတော့ နိုင်ငံခြား ငွေစာရင်း အသစ်ဖွင့်ပြီး ဘဏ်မှာ ထည့်ခိုင်းတာမျိုးက လူတိုင်းနားမလည် နိုင် ဘူး။ နည်းနည်းလေး မရှုတ်သင့်ဘဲ ရှုတ်နေတာကြောင့် စျေးမကစားသင့်ဘဲ ကစားမှာ စိုးရိမ်ရတယ်။ ဖြစ်သင့်တာက FEC ကို ဒေါ်လာနဲ့ အချိန်မရွေး လဲလှယ်ခွင့် ရှိသည်လို့ ကြေညာလိုက်ရင် မရှုတ်ထွေးနိုင် တော့ဘူး” ဟု စီးပွားရေး လုပ်ငန်းရှင် ဦးက်ိုကိုထွေး က ဝေဖန် အကြံပြုသည်။