ယာလုပ်လို့ မရမဲ့အတူတူ လျော်ကြေးငွေယူ

ယာလုပ်လို့ မရမဲ့အတူတူ လျော်ကြေးငွေယူ
by -
မဇ္စျိမ

ယာမြေများတွင် ပုံထားသော မြေစာပုံများကြောင့် ယာလုပ်ရန် အခက်အခဲ ဖြစ်သဖြင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း ပေးအပ်ခဲ့သော မြေယာလျော်ကြေးငွေများ ယူခဲ့ရသည်ဟု  စီမံကိန်းနှင့် အနီးဆုံးကျေးရွာဖြစ်သည့် ကျော်ရွာမှ ဦးနိုင်က မဇ္စျိမသို့ ပြောကြားခဲ့သည်။

၎င်းက “ကျွန်တော်တို့က လျော်ကြေးငွေကို ယူတာက ကျွန်တော်တို့ ယာမြေမှာ ကုန်းမြေမှာ မြေစာပုံတွေ လာပုံ ထားတဲ့အခါ ကျွန်တော်တို့က ယာလုပ်လို့ မရတော့ဘူး ဒါကြောင့် လုပ်လို့ မရမဲ့ အတူတူ မြေလျော်ကြေးငွေ ယူလိုက်တာပါ” ဟု ပြောသည်။

ကျော်ရွာ ဒေသခံများ ပိုင်ဆိုင်သော မြေအမျိူးအစားမှာ ယာမြေဖြစ်သဖြင့် ငွေကျပ် (၁၀) သိန်းရရှိကြောင်း၊ မြေများမှာ စွန့်ပစ်မြေစာများ၊ ဘူဒိုဇာများ ထိုးထားသောကြောင့် အသုံးပြုရန် မရတော့သဖြင့် သီးနှံလျော်ကြေးကို ယခုလို လက်ခံရယူရကြောင်း ကျော်ရွာဒေသခံတဦး ဖြစ်သူ  ဦးမြင့်နိုင်မှ ရှင်းပြခဲ့သည်။

“ကျွန်တော်တို့ မြေတွေက နှစ်သီးစိုက် ခေါ်မှာပေါ့။ တနှစ်ကို တသီးစိုက်၊ နှစ်သီးစိုက် ဆိုတာမျိူးပေါ့။  (၅) သိန်းလို့ပြောထားပေမဲ့ ကျွန်တော်တို့ဆီကို (၁၀) သိန်းပေးတယ်။ ကျွန်တော်တို့ ရွာကလူ (၅၀) ကျော်ကတော့ အကုန်လုံးကကျေကျေနပ်နပ် ယူကြတယ်။ နောက်ထပ် ကျန်တဲ့ လူ (၂၀) ကတော့ ဘယ်လိုလုပ်ကြမလဲ မသိဘူး” ဟု ဒေသခံ ဦးမြင့်နိုင်က ဆိုသည်။

မြေယာလျော်ကြေးငွေများကို ပေးချေမှု၊ လျော်ကြေးငွေများ လုံခြံုမှု ရှိစေရန် မြန်မာ့စီးပွားရေး ဘဏ်ခွဲ၊ မြဝတီဘဏ်ခွဲ၊ ရိုးမဘဏ်ခွဲတို့ကို ဖွင့်လှစ်ပေးထားမှုနှင့် ပတ်သတ်၍ ယာမြေ လျော်ကြေးငွေ လက်ခံသူ ကျော်ရွာဒေသခံ တောင်သူ ဦးမြင့်နိုင်က ဘဏ်ခွဲများ ဖွင့်လှစ် ပေးထားခြင်းမှာ လျော်ကြေးငွေများ အပ်နိုင်ရန် လာဖွင့်ထားသည်ဟု သာသိကြောင်းနှင့် မမြင်တွေ့ရသေးကြောင်း ပြောသည်။

လျော်ကြေးငွေများကို ဖောင်းတောရွာ၊ ဒုံးတောရွာ၊ ဆည်တဲ ရွာသစ်၊ ကျော်ရွာ၊ တုံရွာနှင့် ဆည်တဲ ရွာဟောင်းမှတောင်သူ လေးငါးဦးခန့် လာရောက် ထုတ်ယူကြကြောင်းနှင့် လာရောက်ထုတ်ယူသူများမှာ မနက်ပိုင်းမှ စတင် ထုတ်ယူကာ ညနေပိုင်းအထိ ထုတ်ပေးနေကြောင်း ကျော်ရွာ ဒေသခံများထံမှ သိရသည်။

 “၀က်မှေးရွာသစ်၊ ရွာဟောင်းထဲက လေးငါးဆယ်ယောက်လောက် ပါတယ်ဗျာ။ ဆည်တဲရွာဟောင်းထဲက လေးငါးယောက်လောက် လာထုတ်တာ မြင်လိုက်တယ်။ ကျွန်တော်တို့ သွားထုတ်ရတဲ့ နေရာက ဆားလင်းကြီးမြို့နယ်၊ အထွေထွေ အုပ်ချူပ်ရေး ဦးစီးဌာနရုံးမှာ မြေယာလျော်ကြေးငွေ ပေးတယ်။” ဟု အဆိုပါ ကျော်ရွာဒေသခံ ဦးမြင့်နိုင်က ဆိုသည်။

မိုးကြိုးပြင် မြောက်ရွာနေထိုင်သူ မမြင့်မြင့်အေးက ကြေးနီစီမံကိန်းမှာ မလွတ်ကင်းသော လယ်ယာမြေများကို လျော်ကြေးပေးမှုနှင့် ပတ်သတ်၍ စီမံကိန်း ဆက်လက် လုပ်ဆောင်မှုအား မနှစ်သက်သဖြင့် လျော်ကြေးငွေ လက်မခံကြောင်း ပြောသည်။

၎င်းက “ ကျွန်မတို့ ရွာကို မတ်လ(၁၇) ရက်နေ့က စပြီး လျော်ကြေးစပေးနေပြီ။ ဒါပေမဲ့ မယူကြဘူး။ ဘယ်လောက်ပေးသလဲ ဆိုတာကိုတော့ ကျွန်မပေးတဲ့ နေရာကို မသွားလို့ မသိဘူး။ ဒါပေမဲ့ ကြားရတာက အရင်တခေါက်ပေးတုန်း က ထက်တဆ ပိုပေးတယ်လို့ ပြောတယ်။”  ဟုဆိုသည်။

ယခင်အခေါက် လျော်ကြေးပေးစဉ်က တဧကလျှင် ငါးသိန်းနှစ်သောင်း ပေးပြီး ယခုအခါ တဧကလျှင် ၁၀ သိန်းပေး သည်ဟု ကြားကြောင်း မဇ္စျိမသို့ ၎င်းမှ ပြောဆိုခဲ့သည်။

တုံရွာသစ်တွင် နေထိုင်သူ မအေးအေးခိုင်ကမူ လျော်ကြေးငွေ ပေးမှု နည်းပါးနေသဖြင့် လက်မခံနိုင်ကြောင်း ယခုပေးသော ငွေပမာဏမှာ ကာလပေါက်စျေး နှင့်သိန်းလေးဆယ် ကွာဟနေကြောင်း ပြောသည်။

၎င်းက “ကျွန်မတို့က အဲဒီလျော်ကြေး ငွေကိုမယူတာက ၀မ်ပေါင်နဲ့ စာချုပ် မချူပ်ရသေးတာရော၊ ပေးတဲ့ ပမာဏက လည်း အရမ်းနည်းနေလို့ပါ။ ကာလပေါက်စျေးက သိန်း ၅၀ လောက် ရှိတယ် ” ဟုဆိုသည်။

ယခုပေးအပ်သော လျော်ကြေးများနှင့် ပတ်သတ်၍ ကျော်ရွာ ဒေသခံ ဦးနိုင်က "နည်းလားဆိုတော့ နည်းလွန်းတယ် လို့လဲ ပြောလို့ မရသလို အဆင်ပြေတယ်လို့လည်း ပြောလို့မရတဲ့ငွေတွေပါ။ ကျွန်တော်တို့ ယာမြေ ပြန်ဝယ်တဲ့ အခါစျေးက မြင့်နေရင်တော့ ကျွန်တော်တို့ ဒီငွေတွေနဲ့ အဆင်ပြေမပြေ မသိတော့ဘူး" ဟု မဇ္စျိမကို ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း ကျေးရွာများသို့ မြေယာလျော်ကြေးများ ပေးအပ်လျက်ရှိရာ မတ်လ ၁၇ရက်တွင် ဖောင်းကတာနှင့် ရွာရှည် ကျေးရွာအုပ်စုမှ တောင်သူ ၁၁၁ဦး အားမြေယာ လျော်ကြေး သိန်း ၃၃၅၁ သိန်းကျော် ၊ မတ်လ ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက်အတွင်း စုစုပေါင်း တောင်သူ ၁၆၃ ဦးအား မြေယာ လျော်ကြေး ငွေကျပ် ၅၅၉၈ သိန်းကျပ် ပေးအပ်ခဲ့ပြီးဖြစ်သည် ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ ပါရှိသည်။