နိုင်ငံကူး လက်မှတ်များအား လျှောက်ထားပြီး ၁၀ ရက်အတွင်း ထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ စီစဉ်ဆောင်ရွက်နေကြောင်းယနေ့ နိုင်ငံပိုင် သတင်းစာများတွင်ထုတ်ပြန်ကြေငြာ သည်။
ယခင်က ပူးတွဲလျှောက်လွှာ ၁၄ ရွက်ကို ဖြည့်စွက် လျှောက်ထားကာ သတ်မှတ်ကာလ တလခန့်အကြာမှသာ ထုတ်ပေးနိုင်ခဲ့ပြီး ယခုအခါ အဆင့်ဆင့် ဖြေလျော့မှုများ ပြုလုပ်ထားသဖြင့် ၁၀ ရက်အတွင်းထုတ်ပေးနိုင် တော့မည် ဟု မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံး၊ ဌာနခွဲမှူး၊ ရဲမှူး ကျော်ဇေယျက မဇ္စျိမသို့ ပြောသည်။
၎င်းက “အရင်က ၁၄ ရွက်အထိ ဖြည့်ရတယ်။ အချိန်က ၂၁ ရက်ကြာပါတယ်။ အခုက ၁၇ တို့ ၁၉ တို့ မလိုတော့တဲ့ အတွက် ငါးရွက်လောက်ပဲ ဖြည့်ရတာဆိုတော့ ၁၀ ရက်နဲ့ အပြီး လုပ်ပေးတော့မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ငွေကျပ် ၂၃,၀၀၀ ကျပ်သာ ကုန်ကျတော့မည် ဖြစ်ပြီး ခေတ်မီကိရိ ယာများ ဖြင့် ဌာနချင်း ချိတ်ဆက် အသုံးပြုလာနိုင်သောကြောင့် မြန်မာနိုင်ငံကူး လက်မှတ်များအား ၁၀ ရက်အတွင်း ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။
နိုင်ငံကူး လက်မှတ် အမြန်လုပ်ချင်သူများအတွက် ငွေကြေး ကုန်ကျမှုမရှိပဲ သက်ဆိုင်သည့် ထောက်ခံချက် လက်မှတ်များ ပါလျှင် သွားချင်သည့် ရက်နှင့် ကိုက်အောင် လုပ်ပေးမည်ဖြစ်ကြောင်း ရဲမှူးကျော်ဇေယျမှ ဖြည့်စွက် ပြောကြားခဲ့သည်။
မတ်လ ၁၅ ရက်နေ့မှ စတင်ကာ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်း သက်သေခံ လက်မှတ် ပုံစံ (၁၉) နှင့် လေဆိပ် လူဝင်မှုကြီးကြပ်ရေးတွင် ပြည်ပ ထွက်ခွာသူများမှ တင်ပြရသည့် D-form တို့အား လျှောက်ထားရန် မလိုအပ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာခဲ့သည်။
ထို့အတူ မတ်လ ၁၈ ရက်နေ့မှ စတင်၍ ပညာရေး ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြရန်မလိုအပ် ကြောင်း ပညာရေးဝန်ကြီးဌာန၊ အောက်မြန်မာပြည် အဆင့်မြင့် ပညာ ဦးစီးဌာန၏ ထုတ်ပြန်ချက်အား နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။