မြန်မာနိုင်ငံမှ အခွင့်အလမ်းများကို Google မျက်စိကျနေ

မြန်မာနိုင်ငံမှ အခွင့်အလမ်းများကို Google မျက်စိကျနေ
by -
မဇ္စျိမ

မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်သည့် နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍမှ အဆင့့်မြင့် ထင်ရှားကျော်ကြားသူ တဦးအဖြစ် Google ဥက္ကဋ္ဌ အဲရစ် ချမစ်သည်် ယခု သီတင်းပတ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံ သို့ လာရောက်မည် ဖြစ်သည်။

၎င်းသည် နေပြည်တော်တွင် မြန်မာအစိုးရ အဆင့်မြင့် အရာရှိကြီးများနှင့် တွေ့ဆုံကာ မတ်လ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ MICT (Myanmar Information and Communication Technology) ဝင်း၌ မိန့်ခွန်းပြောကြားမည်ဟု မြန်မာ ကွန်ပျူတာအသင်း အတွင်းရေးမှုးချုပ် ဦးဇော်မင်းဦး က ပြောကြားကြောင်း The New York Times က ဖေါ်ပြသည်။

ချမစ်သည် အာရှဒေသတွင်း Google စီးပွားဖက်များ၊ အာရှတဝှန်းမှ သန်းပေါင်းများစွာသော သူများအတွက် အွန်လိုင်းမှ ကမ္ဘာ့ သတင်းအချက်အလက်များကို လာမည့် နှစ်အနည်းငယ်အတွင်း ပထမဆုံးအကြိမ် ဝင်ရောက် ရယူနိုင်ရန်အတွက်် Google သုံး၍ ပ့ံ့ပိုးပေးနေကြသူများကို ဆက်သွယ်ရန် အာရှနိုင်ငံအချို့သို့ ခရီးလှည့်လည် လျက်ရှိသည်ဟု Google ၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင် Google ဥက္ကဌသည် တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် တရုတ်နိုင်ငံသို့ သွားရောက် ကာ အာရှတွင် စျေးကွက်သစ် လေ့လာရှာဖွေခဲ့သည့်အပြင် ဇန်နဝါရီလ အတွင်းကလည်း မြောက်ကိုရီးယားသို့ အငြင်းပွားဖွယ် ခရီးစဉ်တစ်ရပ်အဖြစ် သွားရောက်ခဲ့သေးသည်။

ယခု မြန်မာနိုင်ငံခရီးစဉ် ပြီးလျှင် အိန္ဒိယသို့ သွားရောက်ရန်ရှိသည်။ ၎င်း၏ခရီးစဉ်သည် မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးနှင့် နည်းပညာ ကဏ္ဍတွင် လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေမှု၏ နောက်ဆုံး ဖြစ်ပေါ်သောခြေ လှမ်းတရပ် ဖြစ်သည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန််၌ ကမ္ဘာပေါ်တွင် အင်တာနက်နှင့် မိုဘိုင်းဖုန်း အသုံးပြုမှု အနည်းဆုံး နိုင်ငံတနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် တယ်လီဖုန်း လုပ်ငန်း လုပ်ကိုင်ခွင့် လေးခု အတွက် ကုမ္ပဏီ ၉၀ ကျော် တင်ဒါလျှောက်ထားခဲ့သည်။

ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးမည့် အလားအလာ မျှော်လင့်ချက်က Google ကဲ့သို့သော ကုမ္ပဏီများအနေဖြင့်
စျေးချိုသည့် စမတ်ဖုန်းများ ရောင်းချခြင်းဖြင့် မိုဘိုင်းဖုန်း စျေးကွက်အတွင်း ဝင်ရောက်လာကြမည်ဟု သုတေသီများက ယုံကြည်နေကြသည်။