ကာကွယ်ရေးနှင့် ကုန်သွယ်ရေးတို့တွင် လက်တွဲဆောင်ရွက်မှု မြှင့်တင်ရန် စီစဉ်ချမှတ်ထားသည့် သြစတြေးလျ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ဒေါ်လာသန်း ၂၀ ကူညီမည်ဟု ဝန်ကြီးချုပ်က တနင်္လာနေ့တွင် ကတိပေး ပြောဆိုလိုက်သည်။
မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် ကင်ဘာရာမြို့တွင် ဆွေ့ဆုံပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုသွား ကြောင်း သြစတြေးလျ သတင်း အေဂျင်စီက ဆိုသည်။
“လူ့အခွင့်အရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ် ရေးအတွက် တိုးတက်အောင် လုပ်စရာတွေ မြန်မာနိုင်ငံမှာ အများကြီးပါ။ ထူးခြားတဲ့ တိုးတက်မှု ပမာဏကိုလည်း ကျမတို့ ချီးကျူးပါတယ်။... နောက်ပြီး အနာဂတ် တိုးတက်မှု အတွက်လည်း အကောင်းမြင်ထားပါတယ်” ဟု သြစတြေးလျ ဝန်ကြီးချုပ် Julia Gillard က ပြောဆိုလိုက်သည်။
သြစတြေးလျ အနေဖြင့် ကုန်သွယ်ရေးဆိုင်ရာ မဟာမင်းကြီး တဦးကိုလည်း မြန်မာနိုင်ငံတွင် ခန့်ထားရန်ရှိကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုသွားသည်။
ထို့ပြင် သြစတြေးလျ အနေဖြင့် ကာကွယ်ရေး ကဏ္ဍတွင် မြန်မာနိုင်ငံ အပေါ် ကန့်သတ်ထားမှှု တချို့ကို ရုပ်သိမ်းပေးတော့မည် ဖြစ်ကာ မြန်မာနိုင်ငံတွင် စစ်သံမှူးတဦး ခန့်အပ်မည်ဟုလည်း ဆိုသည်။ သို့ရာတွင် လက်နက်ကုန်သွယ်မှှု ပိတ်ပင်မိန့် အပါအဝင် အချို့ ပိတ်ဆို့ အရေးယူမှှုများကို လောလောဆယ်တွင် ဆက်လက်ထားရှိဦးမည်ဟု ဆိုသည်။
ကာကွယ်ရေးဆိုင်ရာ ကန့်သတ်မှုများ ရုတ်သိမ်းမည့်အထဲတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အပါအဝင် လူသားချင်းစာနာမှုနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကိစ္စများတွင် အပြန်အလှန် တုန့်လှယ်ဆောင်ရွက်မှုများ ပါဝင်သည်။ ထိုအထဲတွင် စစ်ရေး ပူးတွဲလေ့ကျင့်မှုများ ပါဝင်မည် ဖြစ်သည်။
သြစတြေးလျအနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ခရီးသွားလာခွင့်နှင့် ဘဏ္ဍာရေးဆိုင်တာ ပိတ်ပင်ထားမှုများကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လက ရုတ်သိမ်းပေးခဲ့ပြီး ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်ကလည်း လူ့အခွင့်အရေးနှင့် ပတ်သတ်၍ စိုးရိမ်ပူပန်ကြမှှုများကို နားလည် အသိအမှတ် ပြု
ကြောင်း သို့သော် မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။
“ကျနော်တို့ အခု တာဝန်ခံ ဆောင်ရွက်နေတာတွေမှာ (အရင်တုန်းက) သာဓက မရှိခဲ့တဲ့ အရာတွေကို လက်ရှိ မျက်မှောက်ခေတ်မှာ ဆောင်ရွက်နေတာပါ” ဟု ၎င်းက ဆိုသည်။
၁၉၇၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံခေါင်းဆောင်တဦး၏ ပထမဆုံး ခရီးစဉ်အဖြစ် သမ္မတ ဦးသိန်းစိန် သြစတြေးလျနိုင်ငံသို့ မတ်လ ၁၇ ရက်နေ့က သွားရောက်လည်ပတ်စဉ် ပြောဆိုသွားခြင်း ဖြစ်သည်။