ပုဂံဒေသတွင် ညစာစားပွဲများ ပြုလုပ်ခွင့် စတင်ခွင့်ပြုမည်

ပုဂံဒေသတွင် ညစာစားပွဲများ ပြုလုပ်ခွင့် စတင်ခွင့်ပြုမည်
by -
မဇ္စျိမ

ပုဂံဒေသ ဟိုတယ်လုပ်ငန်းရှင်များနှင့် ပုဂံခရီးသွား လုပ်ငန်းရှင်များအနေဖြင့် ရှေးဟောင်း အဆောက်အဦများ ၏ ပရဝုဏ်နှင့် လွတ်ကင်းသည့် နေရာများတွင် ညစာစားပွဲများ ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်းခရီးသွား လုပ်ငန်းရှင် များထံက သိရသည်။

ပုဂံဇုန်သို့ လည်ပတ်သည့် ခရီးသည်များအတွက် စိတ်ရွှင်လန်းမှု ရရှိစေရန်ဖြစ်သည်ဟု ဆိုသည်။

“ဘယ်ရက်က စပြီး အကျုံးဝင်မယ်ဆိုတာကိုတော့ မတ်လ ၁၈ ရက်အထိ တရားဝင် ညွှန်ကြားချက် မထွက်သေးပါဘူး။ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ ခရီးသွား လုပ်ငန်းရှင်တွေ အနေနဲ့ ညစာစားပွဲ လုပ်မယ်ဆိုရင် ပုဂံမြို့ ရှေးဟောင်းသုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဌာနကို ကြိုတင် အသိပေးသွားဖို့ပဲ လိုပါမယ်”  ဟု အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က ပြောသည်။

ထိုသို့ ခွင့်ပြုမည့် နေရာများမှာ ဓမ္မရံကြီးဘုရား၏ အနောက်မြောက်ဘက်ရှိ ယာမြေကွက်၊ အိုးထိန်းတောင်နှင့် ရွှေနန်းရင်တော် ကျောင်းတိုက်စု၏ အရှေ့တောင်ဘက်ရှိ ယာမြေကွက်တို့ ဖြစ်သည်ဟု ဆိုသည်။

ပုဂံဒေသတွင် ယခင်က ညစာစားပွဲများ ပြုလုပ်ခွင့် မရှိခဲ့၍ ခွင့်ပြုပေးရန် လုပ်ငန်းရှင်များက ဆိုင်ရာသို့ အကြိမ်ကြိမ်တောင်းခံခဲ့ကြပြီးဖြစ်သည်။

“အခု ခွင့်ပြုမယ့် နေရာတွေက ဘုရားဝင်းထဲ မဟုတ်ဘူးလို့ သိထားပါတယ်။ စေတီပုထိုးတွေကို ညဘက်မှာ ကြည့်လ်ို့ ရတဲ့ နေရာတွေ ဖြစ်တဲ့ ယာကွက်၊ မြေကွက်တွေပါ။ အဆောက်အအုံနဲ့ အနည်းဆုံး ပေ ၁၀၀ ဆိုတာတော့ နီးလွန်းတဲ့အတွက် စည်းကမ်းချက်ကို ကြိုတင်ပြင်ဆင်ဖို့ လိုပါမယ်။ ပြီးတော့လည်း ပုဂံ ရှေးဟောင်းသုတေသနကနေ စည်းကမ်းချက်တွေ ထုတ်ထားတာကို အတိအကျ လိုက်နာမယ်လို့လည်း သိထားပါတယ်။ အခုလို စည်းကမ်းထုတ်ပြန်ပြီး ပျော်ရွှင်လွတ်လပ်ခွင့် ပေးတာမျိုးက အားလုံး လက်ခံနိုင်မယ့် အနေအထားပါ”  ဟု ပုဂံဒေသခံ မသိင်္ဂ ီ က ပြောသည်။

ညစာစားပွဲပြု လုပ်လိုသူများအတွက် ဧည့်ခံကျွေးမွေးမည့် နေရာမှာ ရှေးဟောင်း အဆောက် အအုံများနှင့် အနည်းဆုံး ပေ ၁၀၀ အကွာအဝေးတွင်ရှိရန်၊ မူးယစ်ဆေးဝါး၊ ဘီယာ အပါအဝင် အရက်သေစာ သောက်စားမှုများ မပါဝင်စေရန်၊ ပတ်ဝန်းကျင် အနှောက်အယှက် ဖြစ်စေနိုင်မည့် အသံချဲ့စက်၊ လော်စပီကာနှင့် ဆောင်းဘောက်သံများ လုံးဝ အသုံးမပြုရန်၊ သန့်ရှင်းရေး ကိစ္စများအား ပွဲပြီးသည်နှင့် တပြိုင်နက် အပြီးသိမ်းဆည်းပေးရန် စသည့် စည်းကမ်းချက်များ သတ်မှတ်ထားသည်။