အစိုးရနှင့် KIO အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကုလ အတွင်းရေးမှူးချုပ် ကြိုဆို

အစိုးရနှင့် KIO အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကုလ အတွင်းရေးမှူးချုပ် ကြိုဆို
by -
မဇ္စျိမ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မြန်မာ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့အကြား မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ကျင်းပခဲ့သည့်ဆွေးနွေးပွဲအား ကြိုဆိုကြောင်း မတ်လ ၁၄ ရက်နေ့က ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။

“အစိုးရနှင့် KIO အား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိရန်နှင့် လွတ်လပ်ရေး ရရှိပြီးသည့် အချိန်မှစ၍မြန်မာနိုင်ငံ တဝှမ်းလုံး ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးရရှိနိုင်ရန်် အလို့ငှာ မျှတ၍ စစ်မှန်ကာ ကြာရှည်ခံမည့် အဖြေ တခု ထုတ်နိုင်ရေးအတွက် ကြိုးပမ်းမှုများကို ပိုမို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်က အားပေး တိုက်တွန်းလို်က်ပါသည်” ဟု ကြေညာချက်ထဲတွင် ရေးသားထားသည်။

KIO ကိုယ်စားလှယ်များနှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့သည် တနင်္လာနေ့ နံနက်ပိုင်းနှင့် ညပိုင်း သန်းခေါင်ကျော်ချိန်အထိ ဆွေးနွေးခဲ့ကြသော်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုမူ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိသေးဘဲ ဧပြီလ ၁၀ ရက်နေ့ မတိုင်မီ အတွင်း နှစ်ဖက်ပြန်လည် တွေ့ဆုံ
ဆွေးနွေးရန် သဘောတူခဲ့ကြသည် ဟု ဆွေးနွေးပွဲအပြီး ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

“အတွင်းရေးမှူးချုပ် အနေဖြင့် ထိုငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် နှစ်ဘက်လုံး၏ ကြိုးပမ်း အားထုတ်မှုကို ကြိုဆိုပါသည်” ဟု မစ္စတာ ဘန်ကီမွန်း၏ ကြေညာချက်တွင် ပါရှိသည်။

ကုလသမဂ္ဂမှ ပေးအပ်သည့် အကူအညီများသည် လိုအပ်သူများထံသို့ ဆက်လက် ရောက်ရှိသွားလိမ့်မည်ဟု
မျှော်လင့်ကြောင်းလည်း ဘန်ကီမွန်းက ဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အတွင်းတွင် အမိုးအကာများ၊ စောင်များ၊ ခြင်ထောင်များ၊ ချက်ပြုတ်ရေး ပစ္စည်းများနှင့် အဝတ်များ စသည့် ပစ္စည်များ တင်ဆောင်လာသည့် ၁၀ စီး ပါဝင်သော ကုလသမဂ္ဂ မော်တော် ယာဉ်တန်းသည် ဖားကန့်ဒေသသို့ သွားရောက်ခဲ့ပြီး ဒုက္ခသည် ၂,၀၀၀ ကျော်အတွက် ထိုပစ္စည်းများကို
ပေးအပ်ခဲ့သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ပြောရေးဆိုခွင့်ရှိသူ တဦး ဖြစ်သည့် Adrian Edwards က မတ်လ ၁ ရက်နေ့က ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့တွင် သတင်းထောက်များအား
ပြောကြားခဲ့ရာတွင် မြန်မာအစိုးရက ထိုဒေသသို့ ဝင်ရောက်ခွင့် ပြုခဲ့သဖြင့် သွားရောက်ကာ အကူအညီများ
ပေးအပ်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ နောက်ပိုင်းတွင် ကုလသမဂ္ဂ အနေဖြင့် အကူအညီများ ပေးအပ်ရန် ဖားကန့်ဒေသသို့ ပထမဆုံး အကြိမ် သွားရောက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၁၁ ခုနှစ်၊ ဇွန်လတွင် အစိုးရက KIO နှင့် ၁၇ နှစ် ကြာမြင့်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီးနောက် တိုက်ပွဲများ ဖြစ်ပွါးခဲ့ရာ စုစုပေါင်း လူ ၁၀၀,၀၀၀ ခန့် အိမ်ယာများကို စွန့်ခွာ၍ ထွက်ပြေး ခဲ့ကြရသည်။

Most read this week