မြစ်ဆုံ ရေကာတာနှင့် အခြား ရေကာတာ ရ ခု အပြီးပိုင် ရပ်ဆိုင်းရန် လှုပ်ရှားမှု အခမ်းအနား တခုကို ယနေ့ကျရောက်သော နိုင်ငံတကာ မြစ်ချောင်းများဆိုင်ရာ လှုပ်ရှားမှု အထိမ်းအမှတ်နေ့တွင် မြစ်ကြီးနားမြို့ လူထုအခြေပြု အဖွဲ့များနှင့် ဒေသခံများက ကျင်းပခဲ့ကြသည်။
ဧရာဝတီမြစ် ဆက်လက်ရှင်သန်ရေးအတွက် ထိုဆည် စီမံကိန်းများ လုံးဝ ရပ်ဆိုင်းရေးအပြင် မြစ်ကြောင်း တလျှောက် ရွှေတူးဖော်ရေး လုပ်ငန်းများ ရပ်ဆိုင်းပေးရန် ဆွေးနွေးခဲ့ကြကြောင်း ကချင်ပြည်နယ် အခြေစိုက် လူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့ (Mungchying Rawt Jat –MRJ) မှ တာဝန်ရှိသူ ဆရာရှဂေါင်တန်ဂွန်း (Coordinitor) က ပြောသည်။
“လူထုရဲ့ ခံစားချက်တွေ ပြောကြတယ်။ မြစ်ဆုံ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရတဲ့ ဒေသခံတွေက ကိုယ့်ခြံ၊ ကိုယ့်မြေကို ပြန်လိုချင်ပါတယ် ဆိုတာတွေ။ ဧရာဝတီမြစ်ဟာ အရင်တုန်းက အရမ်း သာယာလှပခဲ့တယ်။ အခုကျတော့ ညစ်ပတ်ပြီး သဲသောင်တွေ ထွန်းလာတယ်။ မြစ်ကြီးက မကျန်းမာတော့ဘူး။ အဲဒီလို ခံစားချက်တွေ ဖလှယ်ကြတယ်” ဟု မဇ္စျိမကို ပြောသည်။
MRJ နှင့် မြစ်ဆုံဒေသခံများ စုစုပေါင်း လူ ၁၀၀ ခန့်က မြစ်ဆုံကမ်းနဘေးတွင် ဧရာဝတီမြစ်ကြီး အကြောင်းနှင့်
ပြောင်းရွှေ့ခံ ဒေသခံများ၏ ရင်ဖွင့်သံများ ပြောကြားခဲ့ကြပြီး မြစ်ဆုံ ရပ်ဆိုင်းရေး စာတမ်းများ ကိုင်ဆောင်ခဲ့
ကြသည်ဟု ဆရာရှဂေါင်တန်ဂွန်း က ပြောသည်။
“အဓိက ရည်ရွယ်ချက်က ဧရာဝတီမြစ်နဲ့ ကချင်လူထုက သမိုင်းအကြောင်းရှိတယ်။ အဲဒါတွေသာ မကဘူး။ ဧရာဝတီ ဟာ ကချင်လူထုအတွက်သာမကဘဲ မြန်မာနိုင်ငံမှာ ရှိတဲ့ လူထု အားလုံးအတွက် အရေးပါတဲ့ မြစ်ကြောင်း တခုဖြစ်ပါတယ်။ ဧရာဝတီမြစ်ဟာ အခုဆိုရင် အရမ်း ရေတိမ်ကောလာပြီးမှ ညစ်ပတ်လာတဲ့ အတွက်ကြောင့် ဧရာဝတီ
မြစ် ကျန်းမာပါစေဆိုပြီး လုပ်ကြပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထိုလှုပ်ရှားမှုကို မြစ်ဆုံတွင် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁၂ နာရီ အချိန်ထိ ပြုလုပ်ကျင်းပခဲ့ပြီး “ပန်းရဲ့လမ်း” အဖွဲ့နှင့် မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့မှ ကိုနေမျိုးဇင်တို့ကလည်း ထိုအခမ်းအနားတွင် ပါဝင်၍ “ဧရာဝတီ” သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။
ယခုအခြေအနေမှာ စီမံကိန်း လုံးဝ ရပ်ဆိုင်းခြင်း မဟုတ်သေးဖြင့် ယနေ့ ကျရောက်သော ၁၆ ကြိမ်မြောက် ကမ္ဘာ့မြစ်ချောင်းများဆိုင်ရာ လှုပ်ရှားမှုနေ့တွင် ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်သည်ဟု ဆိုသည်။
၁၉၉၇ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ရေကာတာကြောင့် ဒုက္ခရောက်ခဲ့ရသည့် နိုင်ငံပေါင်း ၂၀ မှ ကိုယ်စားလှယ်များ စုဝေး၍ ဘရာဇီးနိုင်ငံတွင် နိုင်ငံတကာ အစည်းအဝေး ကျင်းပခဲ့ပြီး ထိုနေ့ကို ကမ္ဘာ့မြစ်ချောင်းများဆိုင်ရာ လှုပ်ရှားမှုနေ့အဖြစ် သတ်မှတ်ခဲ့သည်ဟု သိရသည်။
MRJ ကို ကချင်ပြည်နယ်အတွင်းရှိ သဘောဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လယ်ယာမြေ သိမ်းပိုက်ခံသော
ပြည်သူလူထု၏ နစ်နာမှုများကို ဖော်ထုတ်ပေးရန် ရည်ရွယ်၍ ၂၀၁၂ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ဆရာတန်ဂွန်း က ပြောသည်။