တရုတ်နိုင်ငံသုံး ယွမ်ငွေနှင့် ထိုင်းနိုင်ငံသုံး ဘတ်ငွေများကို ဧပြီလ မတိုင်မီ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တရားဝင် လဲလှယ်ပေးရန် စီစဉ်နေကြောင်း ဗဟိုဘဏ်မှတဆင့် သိရသည်။
“ငွေကြေး လည်ပတ်သုံးစွဲတဲ့အခါ လွယ်ကူစေဖို့နဲ့ တရားဝင် လဲလှယ် အသုံးပြုနိုင်စေဖို့၊ ငွေကြေး လဲလှယ်မှုတွေမှာ နစ်နာမှုတွေ မရှိစေဘဲ ယုံကြည်မှုရရှိဖို့အတွက် ယွမ်ငွေနဲ့ ဘတ်ငွေများကို ဗဟိုဘဏ်က တရားဝင် လဲလှယ်ပေးဖို့ စီစဉ်နေပါပြီ” ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။
နိုင်ငံတကာနှင့် ဆက်ဆံမှု ပိုမိုများလာသည့်အပြင် စီးပွားရေးနှင့် ကုန်သွယ်မှု လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်မှု တိုးမြှင့်လာသည့်အတွက် ငွေကြေးလည်ပတ်မှု အခက်အခဲ အဟန့်အတား မရှိစေရန် ထိုသို့ စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။
“ထိုင်းဘတ်ငွေနဲ့ တရုတ်ယွမ်ငွေက နယ်စပ်မြို့တွေမှာ ငွေကြေးစီးဆင်းမှု များတယ်။ ကျပ်ငွေနဲ့လဲလှယ်သုံး ကြရတယ်။ တရားမဝင် ငွေကြေးလဲလှယ်မှု လုပ်ကြရတော့ ကျပ်ငွေကနေ ဒေါ်လာ၊ ဒေါ်လာကနေမှ ဘတ်ငွေ၊ နောက် ကျပ်ငွေကနေ ဒေါ်လာ၊ ဒေါ်လာကနေ ယွမ်ငွေ ပြောင်းသုံးကြရတော့ Exchange Rate (ဖလှယ်နှုန်း) နာတယ်။ အခုလို တရားဝင် လဲလှယ်ပေးတော့ တရားဝင် လက်ရှိစျေးနှုန်းအတိုင်း လဲလှယ်သုံးစွဲခွင့် ရနိုင်တော့မှာ ဖြစ်ပါတယ်” ဟု အာရှစိမ်းလန်းမှုဖွံ့ဖြိုး တိုးတက်ရေးဘဏ်မှ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်လွင်ရွှေ က သုံးသပ်သည်။
လက်ရှိ အနေအထားအထိ နယ်စပ်မြို့အချို့တွင် ယွမ်ငွေနှင့် ဘတ်ငွေများကို စိတ်ကြိုက် သတ်မှတ်ထားသည့်
ငွေလဲလှယ်မှုများဖြင့်သာ ငွေကြေးလည်ပတ် စီးဆင်းလျက်ရှိနေသည်။
“တရားဝင် လဲပေးတာမျိုး လုပ်ပေးသင့်တာ ကြာပါပြီ။ အနီးဆုံး ထိုင်းနိုင်ငံကိုပဲကြည့် သူတ်ို့နိုင်ငံမှာ အိန္ဒိယငွေ၊ အမေရိကန်ငွေ၊ ဗီယက်နမ်ငွေစတဲ့ နိုင်ငံခြားငွေတွေကို လျှပ်စစ်ကျောက်သင်ပုန်းမှာ နှုန်းထားတွေ ကပ်ထားပြီး ငွေလဲစင်တာတွေကနေ တရားဝင် လဲပေးကြတယ်။ နိုင်ငံခြားသားတွေ အနေနဲ့ ငွေကြေးလဲ လှယ်မှုနဲ့ ပတ်သက်ပြီး လိမ်လည်မှုတွေ၊ မသမာမှုတွေ မရှိတော့ဘူး။ မြန်မာမှာလည်း ဒီလိုပဲ လုပ်သင့်ပါတယ်” ဟု ပြည်ပ စီးပွားရေး
ဆွေးနွေးမှုများ မကြာခဏ တက်ရောက်နေသူ ကုန်သည်စက်မှုအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင် တဦးက
ပြောသည်။
လက်ရှိတွင် ပြည်တွင်း ငွေလဲစင်တာများ၌ ယူရိုငွေ၊ အမေရိကန်ဒေါ်လာနှင့် စင်္ကာပူ ဒေါ်လာငွေများကို တရားဝင် လဲလှယ်ပေးနေသည်။