ငြိမ်းချမ်းရေးအတွက် မဆုတ်မနစ် ဆောင်ရွက်နေသည်ဟု သမ္မတ ပြော

ငြိမ်းချမ်းရေးအတွက် မဆုတ်မနစ် ဆောင်ရွက်နေသည်ဟု သမ္မတ ပြော
by -
မဇ္ဈိမ

“ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုနှင့် ကြာရှည်ခံသည့် ငြိမ်းချမ်းရေး ရရှိရန် အတွက် မြန်မာနိုင်ငံအနေဖြင့် မဆုတ်မနစ် အလုပ်လုပ်နေသည်” ဟု မြန်မာ သမ္မတ ဦးသိန်းစိန်က ဥရောပ ပါလီမန် နိုင်ငံခြားရေးရာ ဥက္ကဌအား ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပ ပါလီမန်တွင် ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေက ပြောကြားခဲ့သည်။

“ကျနော်တို့ဟာ ဒီလို ကြိုးပမ်း အားထုတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးရေး၊ ဝင်ငွေများ မြင့်မားလာစေရေး စတာတွေနဲ့ ချိတ်ဆက်လုပ်ကိုင် ရပါမယ်။ EU (ဥရောပ သမ္မဂ္ဂ) ကိုလည်း မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုအားလုံးကို အပြီးတိုင် ရုပ်သိမ်းပေးဖို့ မေတ္တာရပ်ခံခဲ့သလို တခြားနိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှှုတွေကို ဖယ်ရှားနိုင်ရေး အတွက်လည်း တက်ကြွစွာ ပါဝင်ကူညီဖို့ တောင်းဆိုခဲ့ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဥရောပ ပါလီမန် အဖွဲ့ဝင်များကို ပြောခဲ့သည်။

မြန်မာ သမ္မတ ဦးသိန်းစိန်က သူ၏ အစိုးရ အဖွဲ့သည် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်
နေသည်ဟု ချီးကျူးခဲ့ကာ၊ ထိုကဲ့သို့ ပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံတွင် အလုပ်သမား သမ္မဂ္ဂများ လည်း ဖွဲ့စည်းခွင့်ရလာခဲ့ပြီး၊ အဓမ္မ လုပ်အားပေးခိုင်းစေမှှုကိုလည်း တိုက်ဖျက်နေသည်ဟု ဆိုခဲ့သည်။

“ကျနော့် အနေနဲ့ ဥရောပ သမ္မဂ္ဂ ခေါင်းဆောင်တွေကို လေးလေးနက်နက် တောင်းဆိုချင်တာကတော့
မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေး ဦးစားပေးမှှုတွေကို ပြန်လည်အတည်ပြုပေးဖို့ ဥရောပ သမ္မဂ္ဂ ကော်မရှင်ရဲ့ အဆိုပြုချက်ကို ဥရောပ သမ္မဂ္ဂ ခေါင်းဆောင်တွေ သဘောတူ လက်ခံပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။

“အကောက်ခွန်တွေနဲ့ အကန့်အသတ်တွေကို ဖယ်ရှားပေးခြင်းနဲ့ Generalized System of Preferences (GSP) ကို ပြန်လည် အတည်ပြုပေးခြင်း အားဖြင့် မြန်မာ့ပို့ကုန်တွေဟာ ဥရောပစျေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်း တိုးမြင့်လာမှာ ဖြစ်ကာ ပို့ကုန်အထူးပြု စီးပွါးရေးနဲ့ စက်မှုဖွံ့ဖြိုးရေး မဟာဗျူဟာတွေကို အထောက်အကူ ဖြစ်စေမှာပါ။ ဥရောပသမ္မဂ္ဂ စျေးကွက်ထဲမှာ ကုန်သွယ်ရေး ဦးစားပေးခံရမှု ရရှိမယ််ဆိုရင် မြန်မာနိုင်ငံ အတွင်း မှာ အလုပ်အကိုင်တွေ ပိုမို ဖန်တီးပေးနိုင်မှာ ဖြစ်ပြီး၊ ထုတ်လုပ်မှှုတွေလည်း မြင့်တက်လာမှာ ဖြစ်တဲ့အပြင် ပို့ကုန်ကနေ ရရှိမယ့် ဝင်ငွေလည်း တိုးတက်မြင့်မားလာဖွယ် ရှိပါတယ်” ဟု သမ္မတ ဦးသိန်းစိန်ကပြောခဲ့ သည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍနှင့် ပတ်သတ်၍လည်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သမ္မတက ပြောကြားခဲ့ ကာ ထိုဥပဒေသစ်တွင် ပိုမို ပွင့်လင်းမြင်သာကာ တာဝန်ယူမှု ရှိသော၊ သဘာဝ ကျသော၊ ကြိုတင်၍ တွက်ဆ နိုင်သော လုပ်ထုံးလုပ်နည်းများ ပါဝင်လိမ့်မည်ဟု ဆိုသည်။  

 ထို့နောက်တွင် သမ္မတသည် မြန်မာနိုင်ငံတွင် ဖြစ်ပွါးခဲ့သည့် စစ်ပွဲများအကြောင်း ပြောဆိုခဲ့ပြီး မြန်မာအစိုးရ အနေဖြင့် တရားမျှတ၍ ကြာရှည်ခံသည့်ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းနေသည်ဟု ထပ်လောင်းပြောဆိုခဲ့သည်။

 မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိပြီးကတည်းက လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်ဟု သမ္မတက ဆိုခဲ့ပြီး “ပဋိပက္ခတွေ အဆုံးသတ်ရပါမယ်။ ကျနော်တို့ အနေနဲ့ ညှိနှိုင်းပြီး နိုင်ငံရေးအဖြေ တခုကို ရှာဖွေရပါမယ်။ ကျနော့် အစိုးရဟာ အဲဒီ့ရည်မှန်းချက် ရရှိဖို့အတွက် အစွမ်းကုန် ကြိုးပမ်းနေပါတယ်။ လွန်ခဲ့တဲ့ ၁၈ လ အတွင်းမှာ အစိုးရဟာ ၁၀ ဖွဲ့ထက် မနည်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲ ရေး စာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အခုဆိုရင် နောက်ဆုံးကျန်နေပြီး အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့လည်းဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ သဘောတူညီချက် တခု ရရှိဖို့ ကျနော်တို့ရဲ့အား ထုတ်မှှုတွေကို နှစ်ဆ မြှင့်တင်ပါတော့မယ်” ဟု သမ္မတက ပြောခဲ့သည်။

 ကာလရှည်ကြာစွာ ဖြစ်ပေါ်နေခဲ့သည့် မကျေနပ်ချက်များကို ကိုင်တွယ် ဖြေရှင်းနိုင်ရေးအတွက် မြန်မာအစိုးရ အနေဖြင့် နည်းလမ်းများ ရှာဖွေရမည် ဖြစ်ကာ ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အားလုံးပါဝင်သည့် မြန်မာ့ လူ့အဖွဲ့အစည်းသစ် တရပ်ကို တည်ဆောက်ရမည် ဖြစ်ကြောင်း ပြောကြားရင် သမ္မတ ဦးသိန်းစိန်က သူ၏ မိန့်ခွန်းကို နိဂုံးချုပ်ခဲ့သည်။