ချီဖွေ-လော့ခေါင်တွင် တိုက်ပွဲပြန်ဖြစ်ဟု ကျောင်းသားတပ် ဆို

ချီဖွေ-လော့ခေါင်တွင် တိုက်ပွဲပြန်ဖြစ်ဟု ကျောင်းသားတပ် ဆို
by -
မဇ္စျိမ

ကချင်ပြည် လွတ်လပ်ရေးတပ်မတော် KIA ၏ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၁၀ နယ်မြေ ချီဖွေ-လော့ခေါင် ဒေသတွင် အစိုးရတပ်ဖွဲ့ဝင် အင်အား ရ၀၀ နှင့် တနင်္လာနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIO နှင့် ကျောင်းသားတပ်မတော် ABSDF က ပြောသည်။

KIA တပ်ရင်း ၁၀ စခန်း အခြေစိုက်ရာ လော့ခေါင်ကုန်းကို အစိုးရ တပ်မတော်အင်အား ၄၀၀ နှင့် ဦးဇခုန်တိန့်ယိန်း၏ ယခင် ကချင်ဒီမိုကရက်တစ်တပ်မတော် NDA-K နယ်ခြားစောင့်တပ် အင်အား ၃၀၀ တို့ ယမန်နေ့က ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရ သည်ဟု ABSDF (မြန်မာပြည်မြောက်ပိုင်း) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမင်းဌေး က ပြောသည်။

“မြန်မာ့တပ်မတော်နဲ့ ပြည်သူစစ်နဲ့ နယ်ခြားစောင့်တပ်တွေ အားလုံး အင်အား ရ၀၀ နဲ့ မနေ့က တနေကုန် ထိုးစစ်ဆင်နေတယ်။ လော့ခေါင်ကုန်းကို ထိုးနေတာ။ သူတို့က ထိုးစစ်ပြန်စနေပြီ” ဟု မဇ္စျိမကို ပြောသည်။

ထို့ပြင် မြန်မာအစိုးရဘက်မှ ပန်ဝါဒေသသို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စတင်၍ ထိုးစစ်ဆင်မှုများ ရှိခဲ့ပြီး ယမန်နေ့အထိ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း KIO အဖွဲ့၏ စစ်ပြေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး တာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။

“ပန်ဝါနဲ့ ချီဖွေကြားမှာ အရင်တခါ ကျနော်တို့ KIO က နေရာယူထားတာ ရှိတယ်။ အဲဒါကို ပြန်ပြီး အစိုးရဘက် ကနေ ထိုးစစ်ဆင်နေတယ်။ သုံးရက် ရှိပြီ။ ဒီနေ့တော့ ဆက်ဖြစ်မဖြစ် သတင်းမရသေးဘူး” ဟု မဇ္စျိမကို ပြောသည်။

သို့သော် အဆိုပါ တိုက်ပွဲသတင်းများနှင့် ပတ်သက်၍ မဇ္စျိမမှ သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။

နှစ်ဖက် ဆွေးနွေးမှုများကို ဖေဖော်ဝါရီ လကုန်တွင် ပြန်လည်စတင်နိုင်ရန် အစိုးရဘက်မှ ကမ်းလှမ်းခဲ့ သော်လည်း KIO ဘက်မှ ဗဟိုညှိနှိုင်းဆွေးနွေးမှုများ ရှိနေသေး၍ တွေ့ဆုံမှုကို ဆိုင်းငံ့ထားပြီး မတ်လအတွင်း ထပ်မံတွေ့ဆုံရန် တုံ့ပြန်ထားသည်။