ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ဖေဖော်ဝါရီ လကုန်တွင် ပြန်လည်တွေ့ ဆုံရန် မဖြစ်နိုင်သေးကြောင်း ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ဘက်မှ တုံ့ပြန်ခဲ့သည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။
တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် သဘောတူထားချက်အရ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်း က ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ပြန်လည် တွေ့ဆုံရန် ကမ်းလှမ်းခဲ့သော်လည်း KIO ဘက်မှ ၎င်းတို့ဗဟိုတွင် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်၍ အဆင်သင့် မဖြစ်သေးကြောင်း တနင်္ဂနွေနေ့က အကြောင်း ပြန်ကြားခဲ့သည်ဟု ဆိုသည်။
“သူတို့ဆီကနေ မနေ့က အကြောင်းပြန်ပါတယ်။ အဲဒါကတော ့ဗဟိုမှာ ညှိနှိုင်းနေတဲ့အတွက် အချိန်အနည်း ငယ် လိုပါလိမ့်မယ်။ အဲတော့ လဆန်းပိုင်းလောက်မှာ ဖြစ်ဖို့ များပါတယ်လို့ မနေ့က ဦးအောင်မင်းဆီ တိုက်ရိုက် တရားဝင် အကြောင်းပြန်ပါတယ်” ဟု ဦးလှမောင်ရွှေ က ပြောသည်။
KIO အနေဖြင့် လူထုသဘောထား ရယူရန်၊ ဗဟိုဆွေးနွေးမှုများ ရှိနေသေး၍ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် တွေ့ဆုံရန် အချိန်အနည်းငယ် လိုအပ်နေသည်ဟု KIO ဗဟိုကော်မတီဝင် တဦးက ပြောသည်။
“အစိုးရနဲ့ တွေ့ဖို့ မဖြစ်သေးဘူး။ ခုတလောပဲ လူထုကနေ အကြံတောင်းယူတာ။ ကျနော်တို့က အလုပ် မပြီးသေးဘူး။ ကျနော်တို့ ဆွေးနွေးပြီးတော့ ပြန်တွေ့မယ်” ဟု မဇ္စျိမကို ပြောသည်။
KIO က အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးသည့် လုပ်ငန်းစဉ်များတွင် ထည့်သွင်း ဆွေးနွေးနိုင်ရေးအတွက်
ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်နေ့များက ၎င်းတို့၏ လိုင်ဇာ ဌာနချုပ်တွင် လူထု ကိုယ်စားလှယ် ၁၀၀ ကျော်၏ သဘောထားများကို တောင်းယူခဲ့ရာ လူထုဘက်မှ KIO ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထောက်ခံပြီး တခြားနိုင်ငံကြီးများမှ ကြားဝင်ဆောင်ရွက်ပေးရန် အကြံပေးခဲ့သည်ဟု အဆိုပါ KIO အရာရှိက မဇ္စျိမကို ပြောသည်။
ထို့အပြင် “ကချင်လူထုရှေ့ရေး ဘယ်လို ဆက်သွားမလဲဆိုတာ ဆွေးနွေးတယ်။ လူထုက အများကြီး အကြံပေးကြတယ်။ KIO ဦးဆောင်မှုမှာ တိုင်းရင်းသားအခွင့်အရေးကို အခြေခံထားတဲ့ ဖက်ဒရယ်ပြည် ထောင်စုကို တည်ဆောက် သွားဖို့ သဘောတူကြတယ်” ဟု ဆိုသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် နှစ်ဖက်တွေ့ဆုံမှုအပြီး စစ်ရေး တင်းမာမှုများ
လျှော့ချနိုင်ရေးအပြင် ဖေဖော်ဝါရီ လမကုန်မီ နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက် ကျင်းပသွားရန် သဘောတူခဲ့သည်။