မုဒုံမြို့နယ်အတွင်း သိမ်းဆည်း လယ်မြေများ လျော်ကြေးပေးမည်

မုဒုံမြို့နယ်အတွင်း သိမ်းဆည်း လယ်မြေများ လျော်ကြေးပေးမည်
by -
မဇ္ဈိမ

ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းကြီး တခုကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံးပေါ် ကျေးရွာတွင် တည်ဆောက်ရန်ရှိပြီး စီမံကိန်း နယ်မြေအတွင်း ရှိသော လယ်ယာ မြေများအတွက် ဆောက်လုပ်ရေး ကုမ္ပဏီမှ ကာလပေါက်စျေးအတိုင်း ပေးလျော်သွားမည်ဟု စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ပြည်နယ်ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး က ပြောသည်။

မုဒုံမြို့၏ အနောက်ဘက် ရ မိုင်ခန့် အကွာရှိ ကတုံးပေါ် ဆိပ်ကမ်း စီမံကိန်းကို ရာဇာမင်း ကုမ္ပဏီက တည်ဆောက်ရန် ပြည်နယ်အစိုးရနှင့် သဘောတူညီမှုရရှိထားကာ အကောင်အထည် ဖော်ရန် အတွက်
ဖေဖော်ဝါရီ ဒုတိယပတ် ကတည်းက လေ့လာမှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။

“စီမံကိန်းလုပ်ငန်းတွေ စလုပ်နေပြီလို့ ပြောလို့ရတယ်။ လျော်ကြေး ပေးဖို့ကိုလည်း လယ်သမားနဲ့ ကုမ္ပဏီ
တွေ့ထားပြီးပြီ။ ဆိပ်ကမ်း မြေနေရာကတော့ ကုမ္ပဏီက ဝယ်ထားပြီးသား မြေတွေ။ အခုက လမ်းဖောက်လုပ် ရာမှာ ပါတဲ့ လယ်တွေကိုပဲ လျော်ကြေးပေးဖို့ ရှိတယ်။ အဓိက ဆီတင် သင်္ဘောကြီးတွေ ဆိုက်ကပ် နိုင်ဖို့ပါ” ဟု ပြည်နယ်ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး က ပြောသည်။

တန်ချိန် ၁,၅၀ဝ ရှိ သင်္ဘောများပင် ဆိုက်ကပ်နိုင်သော ဆိပ်ကမ်း အပြင် စက်သုံးဆီ သိုလှောင်ရန်နှင့် ကုန်ပစ္စည်းများ သိုလှောင်ရန် အဆောက်အအုံများလည်း ဆောက်လုပ်မည်ဟု ၎င်းက ဆက်ပြောသည်။

ဆိပ်ကမ်းနှင့် လမ်းပန်း ဆက်သွယ်ရေး လွယ်ကူစေရန်အတွက် မုဒုံမြို့မှ ကတုံးပေါ်ကျေးရွာထိ မော်တော်ကား လမ်းလည်း ဖောက်လုပ်မည်ဟု ရာဇာမင်းကုမ္ပဏီက ပြောသည်။

“မုဒုံကနေ ဆိပ်ကမ်းစီမံကိန်းထိ ဖောက်လုပ်မယ့် ကားလမ်းဟာ အကျယ် ၂၄ ပေ ဖောက်မှာဖြစ်တဲ့ အတွက် ထိခိုက်နစ်နာမယ့် လယ်မြေများ အားလုံးကို ကာလတန်ဖိုးအတိုင်း ပေးလျော်သွားမယ်” ဟု ကုမ္ပဏီပိုင်ရှင် ဦးညီညီထွေး က ဆိုသည်။

ထိုကားလမ်းမှာ ကတုံးပေါ်၊ ကော့ပရန်၊ ဘလောက်ညောင်ဝိုင်း၊ ဝက်တဲနှင့် ညောင်ကုန်း ကျေးရွာတို့မှ လယ်ယာမြေများကို ဖြတ်သန်းသွားရမည် ဖြစ်သည်။

လယ်ယာမြေများအတွက် လျော်ကြေးပေးနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့မှ လုံခြံုရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးမျိုးညွန့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်နှင့် ရာဇာမင်း ကုမ္ပဏီပိုင်ရှင် ဦးညီညီထွေးတို့က ဒေသခံ လယ်သမား ၁၂၀ ဦးတို့နှင့် တွေ့ဆုံခဲ့ပြီး လယ်သမားတို့၏ သဘောထားကို မေးမြန်းခဲ့သည်ဟု လယ်သမားများက ပြောသည်။

“ကုမ္ပဏီကတော့ သူတို့ဆိပ်ကမ်း ဆောက်ဖို့နဲ့ ပတ်သက်ပြီးတော့ ဒီဘက်က လယ်ကွက်တချို့ကို ဖြတ်သွား ရမယ်ဆိုတော့ အဲဒီအတွက် လျော်ကြေးကိစ္စကို ပြောတာ၊ ညှိနှိုင်းကြတာ။ ဒါပေမယ့် ဘယ်လောက် လျော်ပေး မလဲ ဘယ်အချိန်ပေးမလဲ ဆိုတာတော့ မသိသေးဘူး” ဟု ဝက်တဲ ကျေးရွာမှ အသက် ၄၀ ဝန်းကျင်ရှိ လယ်သမားတဦးက ပြောသည်။

ထိုဒေသတဝိုက်ရှိ လယ်ယာ မြေများ၏ လက်ရှိပေါက်စျေးမှာ တဧကလျှင် အနည်းဆုံး ကျပ်သိန်း ၃၀ ရှိနေကြောင်း လယ်သမားများက ဆိုသည်။

အဓိက နိုင်ငံခြား ဆီတင် သင်္ဘောများ ဆိုက်ကပ်ရန် ရည်ရွယ်တည်ဆောက်ခြင်း ဖြစ်သော်လည်း စီမံကိန်း
ဖြစ်မြောက်လာပါက ဒေသဖွံ့ဖြိုးရေးအတွက် များစွာ အထောက်အကူ ဖြစ်လာမည်ဟု ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး က ခန့်မှန်းပြောဆိုသည်။

Most read this week