တပ်သားတိုးရေး အလေးပေး၍ ကလေးစစ်သား များလာရဟု အစီရင်ခံစာဆို

တပ်သားတိုးရေး အလေးပေး၍ ကလေးစစ်သား များလာရဟု အစီရင်ခံစာဆို
by -
မဇ္ဈိမ

မြန်မာ့ တပ်မတော်အတွင်း တပ်သား တိုးပွားရေးကိုသာ အရေးထား ဆောင်ရွက်ခဲ့၍ ကလေးစစ်သား အသုံးပြုမှုများ ရှိနေရခြင်းဖြစ်ကြောင်း အစီရင်ခံစာတရပ်က ဆိုသည်။

‘မြန်မာနိုင်ငံတွင် ကလေးစစ်သား စုဆောင်းခြင်းနှင့် အသုံးပြုမှု အဆုံးသတ်ခြင်း’ ဟူသည့် ခေါင်းစဉ်ဖြင့် ကလေးစစ်သားဆိုင်ရာ နိုင်ငံတကာအဖွဲ့ (CSI)မှ ဇန်နဝါရီ လကုန်ပိုင်းက ထုတ်ပြန်ခဲ့သည့် သုသေသန စာတမ်းတွင် သုံးသပ်ထားခြင်းဖြစ်သည်။

“အကျင့်ပျက်ခြစားမှု၊ ကြီးကြပ်စစ်ဆေးမှု အားနည်းခြင်းနှင့် ပြစ်မှုကျူးလွန်သူများအား အရေးမယူဘဲ တပ်ဖွဲ့ဝင် အရေအတွက် မြင့်မားရေးကိုသာ အစဉ်တစိုက် အလေးထား လုပ်ဆောင်ခြင်းကြောင့် တပ်မတော် (ကြည်း) အတွင်း ကလေးစစ်သား စုဆောင်းမှုနှုန်း မြှင့်မားလာစေခြင်းဖြစ်ကြောင်း” ဟု အစီရင်ခံစာက ဖော်ပြထားသည်။

အသက်စိစစ် အတည်ပြုသည့် စနစ် အသုံးပြုခြင်း၊ ကလေး စစ်သား စုဆောင်းမှု ပြုလုပ်စေသည့် မက်လုံးများ
ပေးခြင်းကို မြန်မာ့တပ်မတော်အနေဖြင့် ပြုပြင်ရန် လိုအပ်ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။

“နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံ၏ လုံခြံုရေးနဲ့ လူ့အခွင့်အရေး အခြေအနေ တွေမှာ အနည်းငယ်တိုးတက်မှု ရှိလာပါတယ်။ ဒီနိုင်ငံရေး ပြောင်းလဲမှု အစီအစဉ်မှာ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးတွေကို အကာအကွယ်ပေးတဲ့ကိစ္စကို အရေးကြီးဆုံး ဦးစားပေး လုပ်ငန်းအဖြစ် မြန်မာအစိုးရနဲ့
နိုင်ငံတကာ အသိုင်းအဝိုင်းက သေချာစွာ ဆောင်ရွက်ဖို့ လိုအပ်ပါ တယ်” ဟု CSI ၏ ညွှန်ကြားရေးမှူး Richard Clarke က ဆိုသည်။

စာမျက်နှာ ၄၀ ပါ ထိုစာတမ်းကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွင်းမှ ကုလသမဂ္ဂမှအရာရှိများ၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ွ့ဲမှ အရာရှိများ၊ သံအမတ်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ ကလေး စစ်သားဟောင်းများနှင့် ၎င်းတို့၏ မိသားစုများကို တွေ့ဆုံမှုများပြုလုပ်၍ CSI အဖွဲ့က သုသေသနပြုခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံကိုပေးသော နိုင်ငံတကာ အကူအညီများကို ကလေးများအား စုဆောင်းခြင်းနှင့် တိုက်ပွဲများတွင် ကလေးစစ်သားများကို အသုံးပြုခြင်းမှ ကာကွယ်ခြင်းတွင် ထည့်သွင်းအသုံးပြုရန်” ဟု အကြံပြုထားသည်။

တပ်မတော် (ကြည်း)တွင် စုစုပေါင်း ကလေးစစ်သား အရေအတွက် မည်မျှရှိသည်ကို ဖော်ပြရန် အလွန် ခက်ခဲပြီး ကုလသမဂ္ဂ အတွင်းရေးမှုး၏ ကလေးနှင့် လက်နက်ကိုင်ပဋိပက္ခ ၂၀၁၂ ခုနှစ် အစီရင်ခံစာတွင် အသက်အရွယ် မပြည့်သည့်သူများ စစ်သားစုဆောင်းခံရ၍ တိုင်ကြားမှုများ ဆက်လက် မြင့်တက်နေဆဲဟု ဆိုသည်။

၂၀၁၂ ခုနှစ် ဇွန်လက ကလေးစစ်သားစုဆောင်းခြင်းနှင့် အသုံးပြုမှု အဆုံးသတ်ရန် မြန်မာအစိုးရ နှင့် ကုလသမဂ္ဂ အကြား သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

“ပထမဆုံးခြေလှမ်းအဖြစ် ကုလသမဂ္ဂနှင့် အခြား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီတွေ လက်နက်ကိုင် အဖွဲ့များရှိရာသို့ လွတ်လပ်စွာ သွားလာနိုင်ခွင့် ထွက်မလာပါက ရေရှည်တည်တံ့စွာ အကာအကွယ်ပေးနိုင်မှု အခွင့်အလမ်း ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်” ဟု Richard Clarke က ပြောသည်။

မြန်မာ သမ္မတ အကြံပေး အရာရှိများ၊ ကလေးစစ်သားစုဆောင်းမှု တားဆီးရေး ကော်မတီ ဥက္ကဋ္ဌ၊
ရှေ့နေချုပ်၊ နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ဝန်ကြီးဌာနများမှ သက်ဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံခွင့်
တောင်းခဲ့သော်လည်း ခွင့်မရခဲ့သလို အစီရင်ခံစာ မူကြမ်းအား မြန်မာ နိုင်ငံခြားရေး ဌာနသို့ ပို့၍ ထင်မြင်ချက်
တောင်းခံခဲ့သော်လည်း ပြန်စာမရခဲ့ကြောင်း CSI က ဆိုသည်။

CSI သုတေသနပြုချက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ် (KNU/KNLA) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) တို့ အကြောင်းကို အဓိကထား ရေးသားထားသည်။

“KNLA ၏ စစ်သားစုဆောင်းရေးမှုများတွင် စိတ်ချရသော အသက်မှန် အတည်ပြုခြင်း လုပ်ထုံးလုပ်နည်းများ မရှိသည်ကို တွေ့ရသည်” ဟု ထောက်ပြထားသည်။

ထို့ပြင် “ကလေးများနှင့် သူတို့၏ ပတ်ဝန်းကျင်နှင့် မိသားစုကို တပ်မတော် (ကြည်း)၏ ရန်မှ ကာကွယ်ရန်၊ လက်စားချေရန်၊ တိုင်းရင်းသားလက္ခဏာနှင့် တိုင်းရင်းသားဖြစ်မှုတို့ကို အစိုးရမှ အသိအမှတ်ပြုရန် စသော ရည်ရွယ်ခံစားချက်များမှာလည်း ကလေးများကိုယ်တိုင် သဘောတူသဖြင့် စုဆောင်းခြင်းဖြစ်သည်” ဟု ဆိုထားပြီး “ခူမှုရေးဖိအားပေးမှုများနှင့် စစ်မိန့်များ၏ တာဝန်ပေးမှုများကြောင့်ဖြစ်သည်” ဟုလည်း CSI က ဆိုသည်။

သို့သော် အခြားလက်နက်ကိုင် အတိုက်အခံ အဖွဲ့အစည်း အားလုံးနှင့် လက်နက်ကိုင် တပ်ဖွဲ့များ၏ အခြေအနေ ကို ပိုမိုကျယ်ပြန့်စွာ ခြံုငုံတင်ပြထားခြင်း မရှိကြောင်း အစီရင်ခံစာက ဝန်ခံထားသည်။

ကလေးစစ်သား ဟူသည်မှာ လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် အဖွဲ့အစည်းများ နှင့် ဆက်စပ်ပတ်သက်
နေသော ကလေးငယ်များကို ကလေးစစ်သားအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုပြီး ကလေးငယ်များ၊ မိန်းကလေး၊
ယောက်ျားလေးဟု ကန့်သတ်မထားပဲ တိုက်ခိုက်ရေး သမားများ၊ ချက်ပြုတ် သူများ၊ ပစ္စည်းထမ်းသူများ၊ သူလျှိုများအဖြစ် သို့မဟုတ် လိင်မှုဆိုင်ရာ ရည်ရွယ်ချက်ဖြင့် အသုံးပြုရန် စုဆောင်းခံထားရသောအသက် ဆယ်ရှစ်နှစ်အောက် အရွယ် မည်သူ့ကိုမဆို ရည်ညွှန်းကြောင်း သိရသည်။

ကုလသမဂ္ဂနှင့် အစိုးရတို့ အကြား ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အောက်ရှိ အစိုးရ၏ လုပ်ဆောင်မှုများ အပေါ် ထိရောက်မှုရှိမရှိကို ရေရှည် လေ့လာစောင့်ကြည့်ရန်၊ လုပ်ငန်းစဉ်များ အတွင်း ထင်သာမြင်သာမှု ရှိစေရန် အစီရင်ခံစာက တိုက်တွန်းထားသည်။