ကချင်ပြည်နယ်၊ လိုင်ဇာရှိ စစ်ပြေးဒုက္ခသည်များအား ကူညီရန် လုံခြံုရေးအခက်အခဲကြောင့် ကမ္ဘာ့ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့များ ကြန့်ကြာနေကြောင်း ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးတာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။
အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်တို့အကြား စစ်ရေးတင်းမာမှုများ ရှိနေသေး၍ ကုလ အဖွဲ့အစည်းများက မြစ်ကြီးနား-လိုင်ဇာ၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းအတိုင်း လာရောက်ရန် လုံခြံုမှု မရှိသေးခြင်း ဖြစ်သည်။
“သူတို့ လမ်းကြောင်းနဲ့ ပတ်သက်လို့ ညှိနှိုင်းနေတယ် ထင်တယ်။ လာမယ်လို့တော့ သတင်းပေးလာတယ်။ ဘယ်တော့ လာမယ်ဆိုတာ မပြောလာသေးဘူး။ လိုင်ဇာနဲ့ ဗန်းမော် တိုက်ရိုက်သွားဖို့ လမ်းကြောင်း နည်းနည်းခက်ခဲနေတယ်။ ဒါကြောင့် မိုင်ဂျာယန်၊ လွယ်ဂျယ်ဘက်ကနေ လာမယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ဘယ်လို ဖြစ်လာမယ်ဆိုတာတော့ မသေချာသေးဘူး” ဟု KIO ၏ ဒုက္ခသည် ကူညီရေး တာဝန်ခံ ဦးဒွဲပီဆား က မဇ္စျိမကို ပြောသည်။
နှစ်ဖက် ထိပ်တိုက် တိုက်ပွဲများ မရှိသော်လည်း စစ်အင်အားများ အသင့်အနေအထား သတိဖြင့်စောင့်ကြည့် နေကြ၍ လုံခြံုရေး စိုးရိမ်ရခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
လိုင်ဇာမြို့တွင် စစ်ပြေးဒုက္ခသည် နှစ်သောင်းကျော် ခိုလှုံနေပြီး ၎င်းတို့အား လူမှု အဖွဲ့အစည်းများနှင့် KIO ကသာ ကူညီထောက်ပံ့နေရ၍ ရေရှည်ထောက်ပံ့ရန် ခက်ခဲလာနိုင်သည်ဟု သူက ဆိုသည်။
ကုလ အဖွဲ့အစည်းများသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် ဖားကန့်မြို့ရှိ စစ်ပြေးဒုက္ခသည်များအား စားနပ်ရိက္ခာပစ္စည်းများ သွားရောက် ကူညီထောက်ပံ့ပေးခဲ့သည်။
အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် တိုင်းရင်းသားလူမျိုးများ ကောင်စီ UNFC တို့ ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ၌ တွေ့ဆုံစဉ် UNFC အဖွဲ့ဝင် အဖွဲ့အစည်းများ၏ နယ်မြေများအတွင်း လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စများ၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် ပြည်တွင်းနှင့် နိုင်ငံတကာ ပံ့ပိုးကူညီမှုများ ဆက်လက်ဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။