ဆိုင်းငံ့ထားသည့် ကုလအကူအညီ ယနေ့ည ဖားကန့်မြို့သို့ ရောက်မည်

ဆိုင်းငံ့ထားသည့် ကုလအကူအညီ ယနေ့ည ဖားကန့်မြို့သို့ ရောက်မည်
by -
မဇ္ဈိမ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ စစ်ပြေးဒုက္ခသည်များအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းမှ အကူအညီ ထောက်ပံ့ပစ္စည်းများ တင်ဆောင်လာသည့်ကား တနင်္လာနေ့တွင် ဖားကန့်မြို့သို့ ရောက်ရှိ လာမည် ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတည်းက ကုလ၏ စားနပ်ရိက္ခာသယ်ဆောင်လာသော ကားများ  ဖားကန့်မြို့သို့ သွားရောက် ထောက်ပံ့ရန် စီစဉ်ခဲ့သော်လည်း နိုင်ငံခြားသား နှစ်ဦး ပါဝင်နေသဖြင့် ဒေသအာဏာပိုင်များ ဆိုင်းငံ့ထားရာမှ ယခု သွားခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

“မြစ်ကြီးနားကနေ မနေ့က တက်လာပြီ။ ဒီနေ့က ကာမိုင်းကနေ တက်လာပြီလို့ ပြောတယ်။ ဒီညနေတော့ ဖားကန့်ရောက်မယ်။ ပစ္စည်းတင်တဲ့ကားက ၆ စီး။ တခြားကားက ၄ စီး အားလုံးပေါင်း ၁၀ စီးလို့ တက်လာ တယ်လို့ ပြောတယ်” ဟု KIA တပ်မဟာ ၂ လက်အောက် တပ်ရင်း ၆ တပ်ရင်းမှူး ဒုဗိုလ်မှူး ဇော်ဒွဲ က
ပြောသည်။

ထိုနိုင်ငံခြားသား နှစ်ဦး သွားရောက်ခွင့် ရှိမရှိကို နေပြည်တော် ဗဟိုအစိုးရထံ တင်ပြထားရာမှ ခွင့်ပြုချက် ရသဖြင့် ယနေ့ ကုလထောက်ပံ့ရေးအဖွဲ့တွင် နိုင်ငံခြားသားများ ပါဝင်သည်ဟု သိရသော်လည်း ကိုယ်တိုင် မတွေ့ရသေးသဖြင့် အသေးစိတ်ကို မသိနိုင်သေးကြောင်း ၎င်းက ပြောသည်။

အစိုးရတပ်နှင့် KIO တပ်တို့အကြား တိုက်ပွဲများ တနှစ်ကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ပြေးဒုက္ခသည်များ အတွက် ကုလ အကူအညီများကို ပထမဆုံးအကြိမ် ရရှိခြင်း ဖြစ်သည်။  

ဖားကန့်မြို့ပေါ်ရှိ ခရစ်ယာန် ဘုရားကျောင်းများနှင့် ဗုဒ္ဓဘာသာ ဘုန်ကြီးကျောင်းများအတွင်း စစ်ပြေး ဒုက္ခသည် ရ,၀၀၀ ကျော် ရှိသည်ဟု သိရသည်။

Most read this week