ကန်ဘောက်-မြိုင်ကလေး-လှော်ကား ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှု ပြီးလုနီးပြီ

ကန်ဘောက်-မြိုင်ကလေး-လှော်ကား ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှု ပြီးလုနီးပြီ
by -
မဇ္ဈိမ

ရန်ကုန်၊ လှော်ကားသို့အရောက် ပို့လွှတ်မည့် ကန်ဘောက်-မြိုင်ကလေး သဘာဝ ဓါတ်ငွေ့ စီမံကိန်း ပိုက်လိုင်းများကို ကုန်းတွင်းပိုင်း တပ်ဆင်နေမှုမှာ စီမံကိန်း၏ ရ၀ ရာခိုင် နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း စီမံကိန်း ကြီးကြပ်ရေးတွင် ပါဝင်သည့် အမည်မဖော်လိုသူ အရာရှိ တဦးက ပြောသည်။

“ပထမ ပိုက်လိုင်း သွယ်ထားတုန်းကတော့ ပင်လယ်ကမ်းစပ် တချို့ နေရာတွေ ပိုက်လိုင်း သွားကျတာ၊ ပင်လယ်ရေ အတက်အကျမှာ ပြဿနာ နည်းနည်း တက်လာတာ။ ပင်လယ်ရေရဲ့ ဒဏ်အားကို ပိုက်လိုင်းရဲ့ ခံနိုင်ရည် မရှိတာတို့၊ ကာလ တာရှည်တော့ ပိုက်လိုင်းရဲ့ Capacity စွမ်းဆောင် နိုင်ရည် ကျတာ၊ အဲဒါတွေကို အရည်အသွေး ကောင်းတဲ့ ပိုက်လိုင်းတွေနဲ့ အစားထိုးတာပါ” ဟု အဆိုပါ အရာရှိက မဇ္စျိမကို ပြောသည်။

ယခု လဲလှယ် တပ်ဆင်နေသည့် ပိုက်လိုင်းများမှာ ကိုးရီးယားနိုင်ငံထုတ် အရှည် ပေ ၄ဝ၊ အချင်း ၃ဝ လက်မ၊ အထူ ၁ လက်မခန့်ရှိသည့် ပိုက်သစ်များ ဖြစ်သည်။

ပိုက်လိုင်း အဟောင်းများ လဲလှယ် တပ်ဆင်ခြင်းများအပြင် ပိုက်လိုင်း ဖြတ်သန်းရာ လမ်းအူကြောင်းကိုလည်း ပင်လယ်ရေနှင့် ဝေးရာ ကုန်းတွင်းပိုင်းမှတဆင့် ဖြတ်သန်း သွယ်တန်းရသဖြင့် ပိုက်လိုင်း လမ်းအူကြောင်းကိုပြန်လည် နေရာချထားရပြီး လမ်းအူကြောင်း အသစ်လည်း ဆွဲရသည်ဟု ဆိုသည်။

ယခုကဲ့သို့ ပိုက်လိုင်း လမ်းအူကြောင်း အသစ်ကို ကုန်းတွင်းပိုင်းသို့ ရွေ့ခဲ့သော်လည်း ပိုက်လိုင်း လုံခြံုရေးကို
နိုင်ငံတကာ အဆင့်မီ လုံခြံုရေး မပေးနိုင်ခြင်းနှင့် အခြား လိုအပ်မည့် အကြီးစား ဆောက်လုပ်ရေး လုပ်ငန်းစဉ်များ
မှာ နည်းစနစ်နှင့် ပညာရပ်ပိုင်း ဆိုင်ရာလုပ်ဆောင်နိုင်သော်လည်း ငွေကြေး အရင်းအနှီး အခက်အခဲကြောင့် မဖြည့်ဆည်း ပေးနိုင်သေးပဲ ရှိနေကြောင်း အဆိုပါ အရာရှိကြီးက ဆက်ပြောသည်။

၎င်းစီမံကိန်းသည် နိုင်ငံတော် စီမံကိန်း ဖြစ်ပြီး စွမ်းအင် ဝန်ကြီးဌာန အထူးတာဝန်အရ လွန်ခဲ့သည့် ၂ နှစ် ခန့်ကပင် စတင်ရန် စီမံချက် ချမှတ်ဆောင်ရွက်ခဲ့ပြီး ပိုက်လိုင်း ပြန်လည် နေရာချထားခြင်းနှင့် ပြန်လည် တပ်ဆင်ခြင်း လုပ်ငန်းများကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ လကုန်အမီ ပြီးစီးရန် လျာထားချက် ရှိခဲ့သည်။

“လုပ်ငန်းခွင်ကတော့ လုပ်လိုက်၊ ပြဿနာ တက်ရင် ဖြေရှင်းလိုက်၊ ဆက်လုပ်လိုက်။ အဲလို သွားနေတာပဲ။ အဓိကပြည်သူတွေ စိတ်ကျေနပ်မှု ရမှ သူတို့ခြံတွေကို ဖြတ်ပြီး လမ်းအူကြောင်း ဖောက်တာ လုပ်ဖို့ အောက်ခြေကို ကျနော်ပြောထားတာတော့ ရှိတယ်” ဟု စီမံကိန်းအား သိရှိသည့် နောက်ထပ် အရာရှိကြီး တဦးက မဇ္စျိမကို ပြောသည်။

၎င်းလမ်းအူကြောင်း ဆွဲရာ၌ ဒေသခံ အချို့၏ ဥယျာဉ်၊ ခြံမြေများ ထိခိုက်ပြီး အငြင်းပွားမှုများ ရှိခဲ့၍ လျာထားချက်အမီ မပြီးစီးနိုင်ခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။

“ဒီအခု လဲတဲ့ ပိုက်လိုင်းတွေက အရင် ပိုက်တွေထက် စွမ်းဆောင်ရည် ကောင်းတယ်။ ဒီသွယ်တန်းမှု ပြီးစီးရင်တော့ ဟိုအဟောင်းက ဂက်စ်ပို့တာကို ရပ်ပြီး ဒီပိုက်လိုင်း အသစ်နဲ့ ပို့တော့မယ်။ ဒါ့ပြင် ဥပမာ မော်လမြိုင် ဆိုရင် ငန်းတေး မီးစက်မှာ အချိုး ဘယ်လောက် ပို့ရမယ်၊ သထုံ ရောက်ရင် မြိုင်ကလေးကို ဘယ်လောက် ပို့ရမယ်၊ ကျန်တာလှော်ကားကို ပို့မယ် စသဖြင့် အချိုးတွေတော့ ရှိတယ်။ ကိန်းဂဏန်း အတိအကျကိုတော့ မမှတ်မိဘူး” ဟု အခြား အရာရှိကြီး တဦးက မဇ္စျိမကို ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် စာရင်းအရ မြိုင်ကလေး ဘိလပ်မြေ စက်ရုံသို့ တနေ့လျှင် ဓာတ်ငွေ့ ကုဗပေ ၁၁ဝ သန်း ပေးပို့လျက် ရှိသည်။

ပိုက်လိုင်း သွယ်တန်းခြင်းနှင့် ခြံမြေ ပြဿနာများအား လျော်ကြေးပေးခြင်းကို တချိန်တည်း လုပ်ဆောင်လျက် ရှိနေပြီး ဝန်ကြီးဌာနမှလည်း ပြည်သူများ၏ တိုင််ကြားမှုများ မရှိစေရေး လမ်းညွှန်ထားရှိကာ ထိခိုက်ခြံမြေများ လျော်ကြေးပေးနိုင်ရန်လည်း ညွှန်ကြားထားကြောင်း ဆိုသည်။

သို့သော်လည်း လျော်ကြေး ပေးဆောင်ရာ၌မူ ဒေသခံများ အနေနှင့် ယခင်နှစ်မှ ပမာဏ မည်မျှဖြင့် ပေးဆောင်ရန် သဘောတူ ထားသော်လည်း ယခုနှစ်မှ လုပ်ငန်း ဖော်ဆောင်သည့် အပိုင်း၌ မြေတန်ဖိုး တက်ခြင်းကြောင့် ထပ်တိုး တောင်းဆိုမှုများရှိနေကြောင်း အရာရှိကြီးမှ ဆက်ပြောသည်။

အရှည် ၁၈ဝ မိုင် ရှိသည့် ၎င်းပိုက်လိုင်းကို မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ စီမံကိန်း အဖွဲ့ MOGE က ၂ဝဝဝ ပြည့်နှစ်တွင် စတင် သွယ်တန်းခဲ့ခြင်း ဖြစ်သည်။