မွန်ပြည်နယ်၊ မော်လမြိုင် ဆေးရုံကြီးတွင် ကိုယ်ပိုင်ငွေ စိုက်ထုတ်၍ ကုသရမှု လျှော့ချရေး စီမံချက်ကို ဖေဖော်ဝါရီလမှ စတင်ကာ အကောင်အထည်ဖော်နေကြောင်း ပြည်နယ် ကျန်းမာရေး တာဝန်ရှိသူများက ပြောသည်။
“အရေးပေါ်လူနာတွေ၊ ရိုးရိုး ကလေးမွေးတဲ့ လူနာတွေ၊ ထိခိုက်ဒဏ်ရာရ လူနာတွေကိုတော့ အခုလော လောဆယ် အလကား ကုပေးနေပါတယ်။ ကျန်တဲ့ လူနာတွေကတော့ ကျနော်တို့ ထိုက်သင့်သလောက် ဂွမ်းတို့၊ ပတ်တီးတို့၊ အရက်ပျံတို့ကို အလကား ပေးနေပါတယ်” ဟု ပြည်နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာအေးငြိမ်း က ပြောသည်။
နှစ်စဉ် ပြင်ပလူနာ တသောင်းခန့် တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် ကုတင် ၃၀၀ ဆံ့ ထိုဆေးရုံကြီးအတွက် တနှစ်တာ ဆေးဝါးအသုံးစရိတ် ကျပ်သိန်း ရ၅၀ ကို ပြည်ထောင်စု ကျန်းမာရေး ဝန်ကြီးဌာနက ထောက်ပံ့ခဲ့သည်ဟု ဆိုသည်။
ထိုစီမံချက်ကို အကောင်အထည်ဖော်ရန် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးများ ဦးစီးပြီးဆေးဝါးဝယ်ယူ စီမံခန့်ခွဲမှု ကော်မတီနှင့် ဆေးဝါး စိစစ်ရေး ကော်မတီ တို့ကို ဖွဲ့စည်းထားကြောင်း ဒေါက်တာအေးငြိမ်း က ပြောသည်။
မော်လမြိုင် ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဇေယျာ ကလည်း အသုံးများသည့် အခြေခံ ဆေးဝါးများကို တင်ဒါစနစ်ဖြင့် ဝယ်ယူထိန်းသိမ်း သုံးစွဲလျက် ရှိပြီး ပြင်ပလူနာဌာန၊ အရေးပေါ် ထိခိုက်မှု၊ ပုံမှန်မွေးဖွားမှု၊ ခွဲစိတ်မှုများတွင် အခမဲ့ ပံ့ပိုးကုသပေးနေသည်ဟု ဖေဖေါ်ဝါရီလ ၆ ရက်နေ့က ပြုလုပ်သည့် မီဒီယာ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
သို့သော်လည်း ဝန်ကြီးဌာနမှ ချပေးသည့် လက်ရှိငွေကြေး အတိုင်းအတာဖြင့် ရေရှည် အခမဲ့ ကုသနိုင်ရန် မလွယ်ကူကြောင်း ကျန်းမာရေးဆိုင်ရာ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာလှဦး က ပြောသည်။
“အခမဲ့ဆိုတာ အားလုံး အခမဲ့က သိပ်မလွယ်ဘူး။ ခုလည်း ဒီအရေးအတွက် ကျနော်တို့ ၁၀ မြို့နယ် ဆေးရုံအုပ်တွေခေါ်ပြီးတော့ အစည်းအဝေး လုပ်နေတယ်” ဟု ဆိုသည်။
မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်နှင့် ခရိုင်ဆေးရုံကြီးများအတွက် ဆေးဝါးအသုံးစရိတ် ကျပ်သိန်းပေါင်း ၃,၅၅၀ ရရှိထားပြီး ကျေးလက် ကျန်းမာရေးဌာနနှင့် တိုက်နယ်ဆေးရုံများအတွက် ဆေးဝါးအသုံးစရိတ်များကို ဗဟိုကျန်းမာရေးဌာနမှ တိုက်ရိုက်ကွပ်ကဲသွားမည်ဟုလည်း ဒေါက်တာအေးငြိမ်း က ပြောသည်။
မော်လမြိုင်မြို့တွင် တောင်ပေါ်လမ်းလျှောက် စေတနာ အခမဲ့ ဆေးကုခန်း ၁ ခန်း၊ ဖြိုးစေတနာ အခမဲ့ ဆေးကုခန်း ၂ ခန်းနှင့် NLD မိုဘိုင်း အခမဲ့ ဆေးကုခန်း ၁ ခန်း ရှိပြီး ချို့တဲ့သူများ အားထားရာ အခမဲ့ ဆေးခန်းများ ဖြစ်ကြသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် မြန်မာတနိုင်ငံလုံး၏ အသုံးစရိတ် လျာထားချက်မှာ ငွေကျပ် ၁၃,၀၄၀ ဒဿမ ၆၇၅ ဘီလီယံ ဖြစ်ပြီး နိုင်ငံတော် ဘတ်ဂျက်၏ ၁၄ ဒဿမ ၃၉ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် သုံးစွဲကာ ကျန်းမာရေးအတွက် ၂ ဒဿမ ၈၂၂ ရာခိုင်နှုန်းသာ သုံးစွဲကြောင်း သိရသည်။