ယခုနှစ် အကယ်ဒမီပေးပွဲတွင် ဇာတ်ပို့ဆုနှင့် အကယ်ဒမီရွှေစင်ရုပ်ထု ပိုင်ရှင် ရုပ်ရှင်နှင့် ဟာသ သရုပ်ဆောင် မော့စ်သည် ယနေ့နံနက် လေးနာရီ နှစ်ဆယ်မိနစ်တွင် SSC ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။
သရုပ်ဆောင် မော့စ်သည် အသက် ၅၉ နှစ်အရွယ်ရှိပြီး အသည်းရောဂါဝေဒနာကြောင့် လွန်ခဲ့သည့် နှစ်နှစ်ခန့် ကတည်းက အနုပညာ လုပ်ငန်းများမှ လုံးဝအနားယူခဲ့ရကြောင်း ၎င်းနှင့် နီးစပ်သည့် အနုပညာ ရပ်ဝန်းမှ သိရသည်။
ယခုသေဆုံးရခြင်းမှာ အသည်းရောဂါကြောင့် မဟုတ်ပဲ အဆုပ်ထဲရေဝင်သည့် ရောဂါဖြင့်ဖြစ်ကြောင်း ဦးမော့စ်နှင့် ရင်းနှီးသူ အနုပညာသမားများထံမှ သိရသည်။
“ဟာသသမားတွေက တယောက်နဲ့တယောက် မတူကြဘူး။ သူ့ပညာနဲ့ သူဆိုတော့ ကိုမော့စ် သေဆုံးသွားတာကို ဘယ်လိုမှ အစားထိုးမရဘူး” ဟု ဟာသသရုပ်ဆောင် ဦးကင်းကောင် ကပြောသည်။
ဟာသသရုပ်ဆောင် မော့စ်သည် ယခုနှစ်အတွင်း ထာဝရ အလင်းတန်း ဇာတ်ကားဖြင့် ဇာတ်ပို့ အကယ်ဒမီဆု ရရှိခဲ့ကာ ၎င်း အကယ်ဒမီ ရရှိပြိး ရက်အနည်းအငယ်အတွင်း မော့စ်သေဆုံးသည်ဟု ကောလဟလားများ ထွက်ပေါ်ခဲ့သည်။
အဆိုပါ ကောလဟာလများအပေါ် မော့စ်မှ အကယ်ဒမီဂုဏ်ပြုပွဲတွင် “ငါမသေသေးဘူး ရေကူးတတ်တယ်” ဟု ချေပဖြေရှင်းခဲ့သည်။
ရုပ်ရှင်သရုပ်ဆောင် မော့စ်သည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ရေသိုးချောင်
ကျေးရွာတွင်မွေးဖွားကာ မိုးဒီနှင့် ပူးပေါင်း၍ ဇာတ်ထောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်ဝန်းကျင်ခန့်တွင် ရုပ်ရှင်လောကသို့ ၀င်ရောက်ခဲ့သည်။
အဆိုပါ ခုနှစ်ကပင် ဒါရိုက်တာ ဦးမြင့်ကျော် ရိုက်ကူးသည့် “ရှက်တယ် တအား” ဗီဒီယိုဇာတ်ကားနှင့် ဒါရိုက်တာစိန်သံမဏိ ရိုက်ကူးသည့် “ဖာတစ်လုံး ရွှေရိုး” ဗီဒီယိုဇာတ်ကားဖြင့် နာမည်ရလာခဲ့သည်။