အမည်မသိသူများ၏ လက်ချက်ဖြင့် တမူးခရိုင် မြို့သစ်မြို့နယ်ခွဲ နန့်သလက် ချောင်းတံတားကို ဖေဖော်ဝါရီလ ရ ရက်နေ့က မိုင်းခွဲ ဖျက်ဆီးခံခဲ့ရသည်။
ယခင်က တမူးဒေသတွင် ထိုကဲ့သို့ တံတားမိုင်းထောင် ဖျက်ဆီးခံရခြင်းမျိုး မရှိခဲ့ဘူးကြောင်း တမူးဒေသခံ အမျိုးသမီး တဦးက မဇ္စျိမကို ပြောသည်။
၎င်းက “နန့်သလက် တံတားကို ခွဲတာ ဟုတ်တယ်။ ဘယ်အဖွဲ့ က ခွဲမှန်းမသိဘူး။ မြို့သစ်ဘက်ကို နီးသွားပြီ၊ မိုင်းကွဲဲပြီးမှပဲ တပ်တွေသွားတာ သိရတယ်။ အထက်ပိုင်းကို သွားတဲ့ လမ်းမကြီးပဲ မင်းသာ၊ ဟုမ္မလင်း၊ ကက်သာ၊ တုံဟဲဘက်သွားတဲ့ လမ်းမကြီးပဲ၊ ခါတိုင်း တခါမှ မဖြစ်ဘူးတာ” ဟု ဆိုသည်။
ကားများနေ့စဉ် ဖြတ်သန်းသွားလာသည့် တံတားတစင်းဖြစ်ပြီး တမူး - စေတီ ပြည်ထောင်စု လမ်းမကြီးတွင် တည်ရှိကြောင်း နှင့် ချောင်းရေနည်းသဖြင့် ချောင်းကို ဖြတ်ကာ အောက်ဖက် ကွင်းလမ်းမှ သွားလို့ ရသည်ဟု အဆိုပါဒေသခံက ပြောသည်။
ထိုဖောက်ခွဲခံရမှုနှင့် ပါတ်သက်ပြီး ခရိုင် ပြန်ကြားရေးဌာန တာဝန်ရှိသူ တဦးက ရုတ်တရက် ဖောက်ခွဲခံရခြင်း
ဖြစ်ကြောင်းနှင့် မည်သူ့ လက်ချက်ဖြစ်သည်ကို မသိရှိရသေးကြောင်း ပြောသည်။
၎င်းက “မနက် ၁ နာရီဆိုတော့ ဘယ်သူမှ ထိခိုက်ခံရတာ မရှိဘူးဗျ။ ဘယ်သူလုပ်တယ်ဆိုတာတော့ မသိဘူးခင်ဗျ” ဟု ဆိုသည်။
ဖောက်ခွဲ ဖျက်ဆီးခံရသည့် တံတားမှာ အရှည် ၂၄ဝ ပေ၊ အကျယ် ၁၂ ပေ ရှိ သံဘောင်ဘေလီ၊ နှစ်လွှာတထပ် အမျိုးအစား ဖြစ်ပြီး ဖေဖော်ဝါရီလ ရ ရက် နံနက်ပိုင်းတွင် သောင်းကျန်းသူအဖွဲ့ တချို့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာတခုက ဖော်ပြသည်။
တံတား ရေလယ်တိုင် သုံးတိုင်၊ သစ်သားကြမ်းခင်းများ နှင့် သံဘောင်များ ကွေးကောက် ပျက်စီး သွားကြောင်းနှင့် ‘နယ်မြေခံ တပ်မတော် စစ်ကြောင်းက ချက်ချင်း သွားရောက်၍ ရှင်းလင်း ဆောင်ရွက်လျက် ရှိပြီး ၎င်း မိုင်းထောင် ဖောက်ခွဲမှုအား နောက် ကွယ်မှ ကြိုးကိုင် စေခိုင်း လျက်ရှိ သည့် သောင်းကျန်းသူ အဖွဲ့အစည်းအားဒေသခံ ပြည်သူ များနှင့် ပူးပေါင်း ဖော်ထုတ် စုံစမ်းလျက် ရှိကြောင်း’ မြဝတီသတင်း က ဖော်ပြသည်။
တမူးမြို့ကို ဖြတ်သန်းကာ မန္တလေးမြို့မှ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် အင်ဖားမြို့တော်အထိ ဘတ်စ်ကားများ ပြေးဆွဲရေး စီမံကိန်းများကို နှစ်ဘက်အစိုးရများက လာမည့်မတ်လမှ စတင်ကာ မိတ်ဆက်ပြေးဆွဲရန် သဘောတူထားကြသည်။