မလေး၊ စင်ကာပူ၊ တရုတ်တို့က ကဏန်းပျော့ကို အဓိကဝယ်ယူမှုရှိနေ

မလေး၊ စင်ကာပူ၊ တရုတ်တို့က ကဏန်းပျော့ကို အဓိကဝယ်ယူမှုရှိနေ
by -
မဇ္ဈိမ

မြန်မာနိုင်ငံက ထုတ်လုပ် တင်ပို့ ရောင်းချလျှက် ရှိနေသော ကဏန်းပျော့များကို မလေးရှား၊ စင်္ကာပူနှင့် တရုတ်နိုင်ငံတို့က အဓိက ၀ယ်ယူလျှက်ရှိနေကြောင်း မြန်မာနိုင်ငံ ကဏန်းလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

“ မြန်မာနိုင်ငံက တင်ပို့နေတဲ့ ကဏန်းပျော့ကို မလေးရှား၊ စင်္ကာပူနဲ့ တရုတ်ဝယ်လက်တွေက အဓိကဝယ်ယူ
နေပါတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ စျေးကွက်သစ်တွေ ထပ်ရလာဖို့အတွက် အခုတလော စမ်းသပ်တင်ပို့ မှုတွေလည်း ရှိနေပါတယ် ” ဟုမြန်မာနိုင်ငံ ကဏန်းလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးနှင်းဦးက ပြောသည်။

မြန်မာကဏန်းပျော့ကို ၀ယ်ယူနေသည့် အခြားဝယ်လက်နိုင်ငံများမှ ထိုင်း၊ ဟောင်ကောင်၊ သြစတြေးလျ စသည့် နိုင်ငံတို့ ဖြစ်သည်။

“ကဏန်းပျော့ကို ပုံမှန်ကုန်သွယ်ရေးနဲ့ နယ်စပ်ကုန်သွယ်ရေး တို့ကနေ တင်ပို့ပါတယ်။ ကဏန်းပျော့ တင်ပို့မှု ကနေ ရရှိတဲ့ ၀င်ငွေက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ဧပြီ ၁ရက်ကနေ ဖေဖော်ဝါရီ ၃ရက်အထိ အမေရိကန်ဒေါ်လာ၈.၃၀၈သန်း ရရှိထားပြီး ဖြစ်ပါတယ်” ဟု ငါးလုပ်ငန်း ဦးစီးဌာန FIQC ဌာနခွဲမှ တာဝန်ရှိသူ တဦးကပြောသည်။

ယင်းရရှိငွေများမှာ ပင်လယ်ရေကြောင်းဖြင့် တင်ပို့မှုက အမေရိကန်ဒေါ်လာ ၄.၃၈၁ သန်း၊ နယ်စပ် ကုန်သွယ်ရေး စခန်းများ ဖြစ်သည့် ကော့သောင်း နယ်စပ်ကုန်သွယ်ရေး စခန်းက အမေရိကန် ဒေါ်လာ ၀.၀၀၂ သန်း ၊ မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းက အမေရိကန် ဒေါ်လာ ၃.၉၈၈ သန်း တင်ပို့မှုရှိခဲ့သည်။

အဆောင်ကောင်း ကုမ္မဏီမှ တာဝန်ရှိသူတဦးဖြစ်သော ဦးမောင်စစ်က “မြန်မာကဏန်းပျော့က ပြည်ပ
နိုင်ငံတွေရဲ့ ဝယ်လိုအား ရှိနေပါတယ်။ အရင်နှစ်တွေက တလကို ပျှမ်းမျှ ကဏန်းပျော့ တန် ၃၀-၄၀ လောက်ပဲ တင်ပို့မှု ရှိခဲ့ပါတယ်။ အခုတော့ တလကို ပျှမ်းမျှ တန် ၅၀ လောက် တင်ပို့နေရပါတယ်” ဟု ရှင်းပြခဲ့သည်။

ယခုအခါ ကဏန်းပျော့များကို တနင်္သာရီ တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ထုတ်လုပ်တင် ပို့လျှက် ရှိသည်။