လက်ပံတောင်းတောင် သံဃာများ အရေပြားအစားထိုး ဆက်လက်ကုသ

လက်ပံတောင်းတောင် သံဃာများ အရေပြားအစားထိုး ဆက်လက်ကုသ
by -
မဇ္ဈိမ

လက်ပံတောင်းတောင် အရေးအခင်း ဒဏ်ရာရ သံဃာများအနက် ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနေသော  ရှင်သဇ္ဇနသည် ဆေးရုံမှ မဆင်းနိုင်သေးကြောင်း ဆေးကုသရာသို့ အတူလိုက်ပါလာသည့် ဦးတေဇောသာရ က မိန့်သည်။

ထိုင်းနိုင်ငံတွင် ဒုတိယအကြိမ် ဆေးကုသမှု ခံယူနေသည့် ရှင်သဇ္ဇနအား တနင်္လာနေ့က အရေပြား ပြန်လည်
အစားထိုးကုသမှု ခံယူရသည့်အတွက် ယခုလို ဆေးရုံမှ မဆင်းနိုင်သေးတာ ဖြစ်ကြောင်း ဦးတေဇာသာရမှ ရှင်းလင်းမိန့်ကြားခဲ့သည်။

ဦးတေဇောသာရ က “ပထမတော့ ဒီရက်ပိုင်းအတွင်းမှာ ဆေးရုံက ဆင်းပေးဖို့ ဆရာဝန်က ပြောထားတယ်။
လေ့ကျင့်ရေးပိုင်း ဆရာဝန်ကလည်း ဆင်းဖို့ လက်မှတ်ထိုးပေးလိုက်ပြီ။ ဒါပေမဲ့ အရေပြား ဆရာဝန်က သူတို့ အစားထိုးကုထားတာ သိပ်အားမရလို့ ပြန်ပြီး ကုရတယ်ဆိုတော့ ဒီမှာ ပြန်နေရဦးမယ်” ဟု မိန့်သည်။

ထိုင်းအစိုးရ စစ်ဆေးရုံ (Royal Thai Army Hospital) မှ တာဝန်ရှိသူများက ယခင် အရေပြား အစားထိုးကုသခဲ့သည့် ညာဘက် ခြေကျင်းဝတ်တွင် အသားသစ်များ မတက်သည့်အတွက် ၅ နာရီကြာ ပြန်လည်အစားထိုး ကုသရခြင်း ဖြစ်သည်။

ရှင်သဇ္ဇန၏ ဘယ်ဘက် ခြေကျင်းဝတ် ဒဏ်ရာမှာ သက်သာပျောက်ကင်းနေပြီး လေ့ကျင့်ခန်းပိုင်းလည်း ပြီးဆုံးသွားကာ အရေပြား ပြန်လည် အစားထိုးခြင်း မပြုမီအထိ ပုံမှန်အတိုင်း လမ်းလျှောက်နိုင်ခဲ့သည်ဟု လည်း ဦးတေဇောသာရ က မိန့်သည်။

သက်တော် ၁၄ နှစ်အရွယ် ရှင်သဇ္ဇနသည် ယခင်က ရန်ကုန် အရေပြား အထူးကု ဆေးရုံတွင် တက်ရောက် ကုသနေရာမှာ ခြေကျင်းဝတ်ဒဏ်ရာ မသက်သာသည့်အတွက် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့ကာ အရေပြား အစားထိုး ကုသမှု ၅ ကြိမ် ခံယူခဲ့ပြီး ဖြစ်သည်။

ရှင်သဇ္ဇန နှင့်အတူ ထိုင်းအစိုးရ စစ်ဆေးရုံတွင် ကုသမှု ခံယူနေသည့် ဦးတိက္ခဉာဏ သည်လည်း ကျောပြင်နှင့် တင်ပါး စသည်တို့တွင် ၃ ကြိမ် အစားထိုး ကုသရန် ကျန်ရှိနေကာ ဆေးရုံတွင် အနည်းဆုံး ၂ လခန့် ကြာဦးမည်ဟု သားဖြစ်သူ ဒေါက်တာနေသုခ က ပြောသည်။

သက်တော် ၆၄ ရှိ ဦးတိက္ခဉာဏသည် အင်္ဂါနေ့က ၃ နာရီကြာ ညာဘက်ပေါင် အတွင်းပိုင်း အစားထိုး ကုသမှု ခံယူခဲ့ပြီးဖြစ်သည်။

လက်ပံတောင်း အရေးအခင်း ဒဏ်ရာရ သံဃာများအနက် ဦးတိက္ခဉာဏသည် ဒဏ်ရာအပြင်းထန်ဆုံး ဖြစ်ပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ကာ ပုဂ္ဂလိက ဘန်ကောက် ဆေးရုံကြီးတွင် တက်ရောက်ကုသနေရာမှ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ထိုင်းအစိုးရ စစ်ဆေးရုံသို့ ပြောင်းရွှေ့ကုသခဲ့သည်။

ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနေသည့် သံဃာတော်များအတွက် လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင်က တာဝန်ယူဆောင်ရွက်ပေးမည် ဖြစ်ပြီး ဆေးကုသ စရိတ်အားလုံးကို မြန်မာနိုင်ငံ အစိုးရက အကုန်အကျခံမည် ဖြစ်သည်။

မုံရွာခရိုင်ရှိ ကြေးနီစီမံကိန်း ရပ်တန့်ရန် တောင်းဆို သပိတ်မှောက်သည့် သပိတ်စခန်းကို နိုဝင်ဘာလ ၂၉ ရက်နေ့ မိုးသောက်ပိုင်းတွင် ရဲ တပ်ဖွဲ့ဝင်များက အင်အားသုံး ဖြိုခွင်းခဲ့ခြင်းကြောင့် သံဃာ အပါး ၁၀၀ ကျော်နှင့် လူအချို့ မီးလောင် ဒဏ်ရာ ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး
ကော်မရှင် အနေနှင့် ဇန်နဝါရီလ ၃၁ ရက်နောက်ဆုံးထားကာ ကြားဖြတ် အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံ တင်သွင်းရမည် ဖြစ်သော်လည်း နောက်ကျဦးမည်ဟု စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ပြောကြားထားသည်။

သပိတ်စခန်း ဖြိုခွဲရာတွင် မီးခိုးဗုံး အသုံးပြုခဲ့သည်ဟု ကော်မရှင်အနေနှင့် အစောပိုင်းတွင် သတင်းထုတ် ပြန်ခဲ့သည်။ သို့သော်လည်း အမေရိကန် နိုင်ငံသား လူ့အခွင့်အရေး ရှေ့နေများနှင့် မြန်မာ နိုင်ငံသား ရှေ့နေများ ပူးပေါင်းအဖွဲ့ ၏ စုံစမ်းစစ်ဆေး တွေ့ရှိချက်အရ လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွဲရာတွင် မီးလောင်ကျွမ်းစေနိုင်သည့် အဖြူရောင် Phosphorous ပါ မီးလောင်ဗုံး သုံးစွဲခဲ့ကြောင်း အမေရိကန် အခြေစိုက် နယူးယောက်တိုင်းမ် သတင်းစာက ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ရေးသားဖော်ပြသည်။