ကချင်ပြည်နယ်တွင်း တိုက်ပွဲများအပေါ် အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်များနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကြေညာချက်တစောင် ထုတ်ပြန် တုန့်ပြန်လိုက်သည်။
“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့၏ သတင်းထုတ်ပြန်ချက်များတွင် KIO အား တဖက်သတ် အပြစ်ပုံချထားသည်ကို တွေ့ရှိရသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့အနေနှင့် သဘောထား တင်းမာမှုများကို ရှောင်လွှဲလို၍ တိုက်ပွဲ သတင်းများအား ထုတ်ပြန်ခြင်း မရှိခဲ့
သော်လည်း အစိုးရဘက်မှ သတင်းထုတ်ပြန်ချက်များသည် KIO အပေါ်သာ အပြစ်ပုံချထားသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်၊ ပြန်ကြားရေး ဒု-ဝန်ကြီးလည်း ဖြစ်သည့် ဦးရဲထွဋ် ကမူ နှစ်ဖက် ပဋိပက္ခစတင်ဖြစ်ပွားချိန်က ပိုမိုတင်းမာမလာစေရန် အစိုးရဘက်မှ သတင်းထုတ်ပြန်ခြင်း မရှိခဲ့သော်လည်း အစိုးရတပ် ရဲဘော်များ ကျဆုံး၊ ဒဏ်ရာရသည့်ပုံများနှင့် ဖမ်းဆီးရမိသည့် ရဲဘော်များ၏ ပုံများကို KIO ဘက်မှ စတင်ကာ အင်တာနက် စာမျက်နှာတွင် တင်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
“ကျနော်တို့ ဒီကနေ့ ဒီအချိန်ထိ KIA အလောင်းတွေ အများကြီး ရခဲ့တာတောင် ကျဆုံးသွားတဲ့ လူတွေရဲ့ မိသားစုတွေကို စာနာသောအားဖြင့် လည်းကောင်း၊ စာနယ်ဇင်း ကျင့်ဝတ်အရ လည်းကောင်း အဲဒီပုံတွေ လုံးဝ ထုတ်ပြန်တာ မရှိဘူး” ဟု မဇ္စျိမကို ပြောသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့က အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် “တပ်မတော်သည် ငြိမ်းချမ်းရေး စကားဝိုင်းမှ တစ်ဆင့် မိမိတပ်စခန်းများကို ရွှေ့ပြောင်းပေးရန် ဆုံးဖြတ်ထားခဲ့သော်လည်း တစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် KIO/KIA မှ လာ ရောက်ခြင်း မရှိဘဲ နိုင်ငံတော် အစိုးရမှ ကမ်းလှမ်းချက်ကိုပယ်ချခဲ့ခြင်း နှင့် ရွှေလီဆွေးနွေးပွဲကို ပျက်ပြားစေခဲ့ခြင်း စသည့် အကြောင်းအချက်များသည် ယခုတိုက်ပွဲများ ကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်လာစေသည်” ဟု ဖော်ပြခဲ့သည်။
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာများ ဆွေးနွေးရန် အဆုံးအဖြတ်ပေးမည့် ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ် မြင့်စိုး မူဆယ်မြို့ထိ လိုက်ပါခဲ့သော်လည်း KIO ဘက်မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် တက်ရောက်မလာ၍ တပ်ပိုင်းဆိုင်ရာ ကိစ္စ မဆွေးနွေးနိုင်ခဲ့ကြောင်း ဦးရဲထွဋ် က ပြောသည်။
“ဒါ သူတို့ မလာတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ဘက်က မဆွေးနွေးနိုင်ဘူး။ မဆွေးနွေးနိုင်တဲ့ အတွက် ကြောင့်၊ အဲဒီ တပ်ပိုင်းဆုုိင်ရာကိစ္စတွေ မဖြေရှင်းနိုင်တဲ့ အတွက်ကြောင့် မကြာမီက ဖြစ်ပွားခဲ့တဲ့ လဂျားယန် ဒေသ တိုက်ပွဲတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
သို့သော် ယနေ့ထုတ် KIO ၏ ထုတ်ပြန်ချက်အပေါ် ကြိုဆိုနိုင်သည်များရှိပြီး နိုင်ငံရေး ပြဿနာများကို ဆွေးနွေးခြင်းဖြင့် အဖြေရှာနိုင်မည်ဟု ယုံကြည်ကြောင်းဆိုသည့် အချက်များသည်လည်း အစိုးရနှင့် တပ်မတော်၏ သဘောထားများဖြစ်၍ ကြိုဆိုကြောင်း ဦးရဲထွဋ် က ၎င်း၏ ဖေ့စ်ဘွတ်တွင် ရေးသားထားသည်။
ငြိမ်းချမ်းရေးအတွက် ကူညီနိုင်မည့် အဖွဲ့များနှင့် နိုင်ငံများအား အကူအညီ တောင်းခံမည်ဖြစ်ပြီး အစိုးရတပ် ဘက်မှ ထိုးစစ်ဆင်ခြင်း ရပ်ဆိုင်းသွားပါက KIO ကလည်း ပြဿနာဖြစ်ပွားနိုင်မည့် စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်မည် မဟုတ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
“ဒီအချက်များဟာ နိုင်ငံတော် အစိုးရနဲ့ တပ်မတော်က ယခင်ကတည်းက ထုတ်ပြန်ကြေညာပြီး ကြိုးပမ်း ဆောင်ရွက် နေတဲ့အချက် များဖြစ်တဲ့အတွက် ကေအိုင်အိုဘက်က အလားတူ ထုတ်ပြန်ကြေညာမှု အပေါ် ကြိုဆိုပါတယ်” ဟု ဦးရဲထွဋ် က တုန့်ပြန်ရေးသားထားသည်။
ထို့ပြင် ဇန်နဝါရီလ ၂၉ ရက်နေ့က ဖားကန့်မြို့နယ်၊ လုံးခင်းနှင့် မှော်စီဇာကျေးရွာများ ကြားတွင်လုံခြံုရေး တပ်ဖွဲ့များက ဒေသခံ ရွာသားများထံမှ ရွှေနှင့် မိုဘိုင်းဖုန်းများ သိမ်းယူနေသည်ဟု ရေဒီယိုသတင်း တခုတွင် ဖော်ပြထားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူ မည်ဟုလည်း ဦးရဲထွဋ်က မဇ္စျိမကို ပြောဆိုသွားသည်။
ကြေညာချက်ပါ သဘောထားများကို အသေးစိတ်သိနိုင်ရန်အတွက် KIO တာဝန်ရှိသူများထံသို့ မဇ္စျိမက ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိနိုင်ခဲ့ပေ။