မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ဇန်နဝါရီလ ၁၉ရက်နေ့က မီးလောင်ကျွမ်းခဲ့သော မြို့မစျေးအား ယာယီစျေး ပြန်လည် တည်ဆောက်ပြီးစီးပါက အမှန်တကယ် ဆိုင်ခန်းဖွင့်လှစ် စျေးရောင်းသူများသာ ဆိုင်ခန်းဖွင့်လှစ်ခွင့်ပေးမည်ဟု မြို့မ စျေးရှိ စျေးသူစျေးသားများထံမှ သိရသည်။
ယခုအခါ အဆိုပါ မီးလောင်ကျွမ်းခဲ့သော မြို့မစျေးကို ယာယီစျေး ပြန်လည်တည်ဆောက်မှု လုပ်ငန်းကို ဇန်နဝါရီ ၂၆ ရက်နေ့က စတင်ကာ ပြန်လည်တည်ဆောက်နေပြီဟု စျေးသူစျေးသားမှပြောသည်။ မြို့မစျေးအနီးရှိ မြို့လည်ပန်းခြံတွင် ဆိုင်ခန်းပေါင်း ၃၀၀ ခန့် ပါ၀င်သော စျေးအား စျေးသူစျေးသားများ အစီအစဉ်ဖြင့် ပြန်လည်
တည်ဆောက် လျက်ရှိကြောင်း မြို့မစျေးတွင် ဆိုင်ခန်းငါးခန့် ပိုင်ဆိုင်သော ကိုဇော်ထွဋ်အောင်က ပြောသည်။
၎င်းက “ ငါးဆိုင်၊ ဆယ်ဆိုင် ပိုင်တဲ့သူလဲ တစ်ဆိုင်ပဲ ရမှာပါ။ အမှန်တကယ် စျေးရောင်းနေတဲ့ သူတွေပဲ ပေးမှာပါ။ ဘာလို့လဲ ဆိုတော့ စျေးရောင်းတဲ့သူတွေက အမှန်တကယ် ဆုံးရှုံးသွားလို့ပဲ ဖြစ်ပါတယ် ” ဟု ဆိုသည်။
မြို့မ ယာယီစျေးတည်ဆောက်ရန် စျေးသူစျေးသားများ အနေဖြင့် ဆိုင်ခန်းတခန်းလွှင် ငွေကျပ် သုံးသောင်းခွဲခန့် တည်ဆောက်စရိတ် ပေးဆောင်ရကြောင်း ကိုဇော်ထွဋ်အောင်က ပြောသည်။
အဆိုပါ ယာယီစျေးတည်ဆောက်မှုသည် ယခုအကြိမ် တည်ဆောက်မှုနှင့် ဆိုလျှင် နှစ်ကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ် တည်ဆောက်မှုအား မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တည်ဆောက်ပေးကာ ၎င်းစည်ပင် သာယာရေး ကော်မတီမှပင် ပြန်လည်ဖျက်သိမ်းခဲ့ကြောင်း စျေးသူစျေးသားများ၏ ပြောကြားချက်အရ သိရသည်။
“အရင်က စည်ပင်က ၀ါးနဲ့ ဆောက်ပေးတယ်။ တဝက်လည်းပြီးရော စျေးသူစျေးသားရဲ့ သဘောတူချက်မပါပဲ
ပြန်ဖျက်သွားတယ်။ အဲဒီတော့ စျေးသူစျေးသားတွေ ဆူပူအုံကြွပြီး ၂၅ ရက်နေ့မှာပဲ စည်ပင် ၀န်ကြီး ဒေါက်တာတိုးတိုးအောင်က စျေးပြန်ဆောက်ပါ။ အိမ်သာတော့ မဆောက်ရဘူး ဆိုပြီး လာရှင်းပေးသွားတယ်” ဟုစျေးသူစျေးသား တဦးဖြစ်သည့် ဦးညွှန့်တင်က ပြောသည်။
မြို့မစျေး မီးလောင်မှုကို မီးသတ်တပ်ဖွဲ့မှ ငွေကျပ် သိန်းပေါင်း နှစ်ထောင်ကျော်ဟုခန့်မှန်းထုတ်ပြန် သော်လည်း မြို့ခံများ၏ အဆိုအရ ဆုံးရှံုးမှုမှာ သိန်းပေါင်း သောင်းနှင့် ချီရှိသည်ဟု ဆိုသည်။ ဆိုင်ခန်း တခန်းထဲပင် သိန်းလေးရာမှ ငါးရာကြား ဆုံးရှံုးမှုရှိသည်ဟု သံဖြူဇရပ်မြို့မှ စျေးဆိုင်ပိုင်ရှင်များက ပြောသည်။
ဆုံးရှံုးမှု တန်ဖိုးနှင် ့ပတ်သတ်၍ "ကျွန်တော် တဆိုင်ထဲတောင် လှောင်ထားတဲ့ ကုန်ပစ္စည်းတန်ဖိုးချည်းပဲ ကျပ်သိန်း ၂၀၀ လောက်ရှိတယ်။ စျေးတစျေးလုံးဆို သိန်းပေါင်း ၂ သန်းလောက်ရှိနိုင်တယ် ” ပာု ကိုဇော်ထွဋ်အောင်က ဆိုသည်။
ထို့အပြင် မြို့မစျေးတွင် လောင်ကျွမ်းခဲ့သော မီးမှာ ရှို့မီးဟု ပြည်သူအများစုက သံသယ ရှိသဖြင့် မွန်ပြည်နယ် ခရိုင်ရဲမှူး အပါအဝင် စျေးသူစျေးသားများ ပါ၀င်သော ငါးဦးအဖွဲ့အား မွန်ပြည်နယ် အစိုးရအဖွဲ့မှ စုံစမ်းစစ်ဆေးရေးခုံရုံး အဖြစ်ဖွဲ့စည်းထားကြောင်း စျေးသူစျေးသားများမှ ပြောသည်။
အဆိုပါ မီးလောင်ကျွမ်းမှု စုံစမ်းစစ်ဆေးရေး အဖွဲ့သည် မီးလောင်မှု ဖြစ်စဉ်နှင့် ဆက်စပ်နေသော မျက်မြင်
သက်သေ နှစ်ဦး၏ ထွက်ဆိုချက်နှင့် ပတ်သတ်၍ စျေးအစောင့် ခြောက်ဦးနှင့် စျေးခေါင်းတဦးတို့အား မြို့နယ်
ရဲတပ်ဖွဲ့တွင် မသင်္ကာမှုဖြင့် ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း စျေးသူစျေးသားများထံမှ သိရသည်။