လိုင်ဇာ လမ်းလျှောက်အဖွဲ့ကို မိုးထိမိုးမိ ကိစ္စလို မဖြစ်စေရဟု တောင်ငူ ရဲမှူး ကတိပေး

လိုင်ဇာ လမ်းလျှောက်အဖွဲ့ကို မိုးထိမိုးမိ ကိစ္စလို မဖြစ်စေရဟု တောင်ငူ ရဲမှူး ကတိပေး
by -
မဇ္ဈိမ

ငြိမ်းချမ်းရေး လိုလားသော လမ်းလျှောက်လူငယ်များအဖွဲ့အား မိုးထိမိုးမိ ရွှေလုပ်သားများ လမ်းလျှောက် ဆန္ဒပြခဲ့စဉ်ကကဲ့သို့ ဖြိုခွဲမည်မဟုတ်ကြောင်း တောင်ငူခရိုင် ရဲမှူးဦးဇော်မင်း က ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကတိပေးခဲ့ကြောင်း လမ်းလျှောက်အဖွဲ့က ပြောသည်။

“ကျနော်တို့ တောင်ငူရဲမှူး ဦးဇော်မင်းကို မိုးထိမိုးမိက ပုံစံလို ကျနော်တို့ကို မလုပ်ဖို့ ကတိတောင်းခံလိုက်တော့ ရဲမှူးက သဘောတူ ကတိပေးလိုက်ပါတယ်” ဟု ကိုဇင်ကို က ပြောသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလက နေပြည်တော်သို့ ဆန္ဒထုတ်ဖေါ်ရန် လမ်းလျှောက်ချီတက်လာသည့် မိုးထိမိုးမိ
ရွှေလုပ်သားများကို တောင်ငူခရိုင် ရေနီမြို့အဝင်၌ လုံခြံုရေးတပ်ဖွဲ့များက ခေါင်းဆောင် ၄ ဦးအား ရိုက်နှက်ဖမ်းဆီးခဲ့ဖူးသည်။

ပုဒ်မ ၁၈ အား မကျူးလွန်ရန် ဝန်ခံကတိ လက်မှတ် ထိုးခိုင်းပြီး တေးသီချင်း သီကျူးမှုနှင့် တူရိယာ တီးမှုတ်ခြင်းများလည်း မပြုရန် လမ်းလျှောက်အဖွဲ့ထံမှ ရဲမှူးက ကတိကဝတ်များ တောင်းခံခဲ့ကြောင်း သိရသည်။

“နိုင်ငံတော်သီချင်းနဲ့ ငြိမ်းချမ်းရေး သီချင်းကိုတော့ ဆိုခွင့်ပြုခဲ့ပါတယ်။ အခြား နိုင်ငံရေး သီချင်းတွေပဲ မဆိုခိုင်းတာပါ” ဟု ကိုဇင်ကို က ဆက်ပြောသည်။

တောင်ငူ ခရိုင်ရဲမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးမှ ကချင်ပြည်နယ်ရှိ စစ်ဘေးသင့် ပြည်သူများအတွက် အလှူငွေ ကျပ် ၆ သောင်းကျော်အား ထိုလမ်းလျှောက်အဖွဲ့ထံ ပေးအပ်ခဲ့ကြောင်း လမ်းလျှောက်သူများက ပြောသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးမှ စတင်ကာ စစ်ပွဲများ ဖြစ်ရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့သို့ ဦးတည် လမ်းလျှောက်လာကြသည့် ထိုလူငယ်အဖွဲ့သည် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၃ နာရီတွင် တောင်ငူခရိုင်သို့ ရောက်ရှိလာချိန်အထိ ပုဒ်မ ၁၈ နှင့် မငြိစွန်းရန် ခံဝန်ကတိ ၄ ကြိမ်တိတိ ထိုးခဲ့ရပြီ ဖြစ်ကြောင်း ကိုဇင်ကို ၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ ခံဝန်ကတိများ ထိုးခိုင်းခြင်း၊ ပုဒ်မ ၁၈ ဖြင့် အရေးယူခြင်းတို့နှင့် ပတ်သတ်၍  ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက “မကောင်းတဲ့ ဥပဒေမှန်သမျှ ပြင်ရမယ်။ ဒါကြောင့် ဒီဥပဒေလည်း ပြင်ဖို့ လိုအပ်ရင် ပြင်သင့်ပါတယ်။ ဒါကို လွှတ်တော်ကပဲ ပြင်ရမှာပါ။ ငြိမ်းချမ်းရေးအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ပါတယ်” ဟု မြန်မာ ငြိမ်းချမ်းရေးစင်တာတွင် ဇန်နဝါရီလ ၂၇ ရက်နေ့က ပြုလုပ်သော လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။