စင်္ကာပူ လုပ်ငန်းရှင်များ အဆင့်မြင့် တည်ဆောက်ရေးနှင့် စက်မှုလုပ်ငန်းများ လုပ်ကိုင်လို

စင်္ကာပူ လုပ်ငန်းရှင်များ အဆင့်မြင့် တည်ဆောက်ရေးနှင့် စက်မှုလုပ်ငန်းများ လုပ်ကိုင်လို
by -
မဇ္စျိမ

မြန်မာနိုင်ငံအတွင်း ယခင်က ဟိုတယ်လုပ်ငန်းများတွင်သာ အဓိက ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လာခဲ့ သည့် စင်္ကာပူနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက အဆင့်မြင့် တည်ဆောက်ရေး လုပ်ငန်းများနှင့် အခြားစက်မှု
လုပ်ငန်းများကိုပါ ဝင်ရောက် လုပ်ကိုင်လိုကြကြောင်း သိရသည်။

စင်္ကာပူနိုင်ငံ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ Wilmar Investment Holding Pte; Ltd ဒုတိယ ဥက္ကဋ္ဌ Mr.George Yeo ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းနှင့် တာဝန်ရှိသူများအား ဇန်နဝါရီလ ၁၁ ရက်နေ့က လာရောက် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“စင်္ကာပူ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ ရန်ကုန်၊ မန္တလေးနဲ့ ပုဂံ-ညောင်ဦးမြို့တွေမှာ ကမ္ဘာ့ အဆင့်မီ ဟိုတယ်စီမံကိန်းတွေ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း သီလဝါ စက်မှုဇုန်မှာ စားအုန်းဆီသန့် အဆင့်မြင့် ပြုပြင်တဲ့ စက်မှုလုပ်ငန်းတွေ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သကြားအခြေခံ အဆင့်မြင့် စက်မှုလုပ်ငန်းတွေ၊ ပဲခူးနဲ့ ဧရာဝတီ တိုင်းဒေသကြီးတွေမှာ ဆန်နဲ့ ဆန်ထွက်ပစ္စည်း အဆင့်မြင့် စက်မှုလုပ်ငန်းတွေကို လုပ်ကိုင်ဖို့ ဆွေးနွေးသွားပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူ တဦးက ပြောကြားသည်။

ထို့အပြင် မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီနှင့် မကွေးတိုင်းတို့တွင် ဆီထွက်သီးနှံနှင့် တိရိစ္ဆာန် အစားအစာဆိုင်ရာ အဆင့်မြင့် စက်မှုလုပ်ငန်းများ၊ ဂျုံမှုန့်ထုတ်လုပ်သည့် အဆင့်မြင့် စက်မှုလုပ်ငန်းများ၊ ပဲအမျိုးမျိုး ပြုပြင်မွမ်းမံသည့် စက်မှုလုပ်ငန်းများ၊ ချေးချွတ်ဆီ ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများနှင့် ဓါတ်မြေသြဇာ ထုတ်လုပ်ရေး စက်ရုံများ တည်ဆောက်ရေး ဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြသေးသည်ဟု ဆိုသည်။

ယခင်က စင်္ကာပူ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ ဟိုတယ် လုပ်ငန်းများတွင် အဓိက ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်။

၂၀၁၁ ခုနှစ်အတွင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနှင့် စာချုပ် ချုပ်ဆို ဆောင်ရွက်ခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် ၂၆ လုံးတွင် စင်္ကာပူ လုပ်ငန်းရှင်များက ဟိုတယ် ၁၀ လုံး၌ အမေရိကန်ဒေါ်လာ ၅၉၃.၅၃၁ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှု အများဆုံးရှိခဲ့ကြောင်း သိရှိရသည်။

Most read this week