ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့အကြား မျက်နှာချင်းဆိုင် ပြန်လည်မတွေ့ဆုံနိုင်မီ နှစ်ဖက် Electronic Online ဆွေးနွေးမှုများ ပြုလုပ်ကြပါရန်
ပြည်သူ့လွှတ်တော်က ဇန်နဝါရီလ ၁၁ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန် တိုက်တွန်းအကြံပြုလိုက် သည်။
“ကချင်ပြည်နယ်တွင်း လက်နက်ကိုင်ပဋိပက္ခများကို နှစ်ဖက် တာဝန်ရှိသူများ မျက်နှာချင်း ဆိုင် တွေ့ဆုံညှိနှိုင်း ဆွေးနွေးကြရန်အတွက် ခက်ခဲမှုရှိနေစဉ်ကာလအတွင်း ပွင့်လင်းမြင်သာသော Electronic Online ဆွေးနွေးမှုများကို အများပြည်သူ ထင်သာမြင်သာရှိရန် ထုတ်ပြန်ခြင်းများဖြင့်” ဟူ၍ လွှတ်တော်ကြေ ညာချက်တွင် ဖော်ပြပါရှိသည်။
နေ့စဉ်နှင့်အမျှ စစ်ဘေးဒဏ် ခံစားနေကြရသော ပြည်သူများအတွက်နှင့် နှစ်ဘက် ထိခိုက်ဆုံးရှုံးမှုများအတွက် စိတ်မချမ်းမြေ့ဖွယ်အခြေအနေများ တွေ့မြင်နေရ၍ ထိုသို့ တိုက်တွန်းရခြင်းဖြစ်ကြောင်းလည်း ပြည်သူ့လွှတ်တော်က ဆိုသည်။
နှစ်ဘက် စစ်ရေးပြင်ဆင်တည်ဆောက်မှုများကြားတွင် ပြည်သူများ စိုးရိမ််ထိတ်လန့်ကြီးစွာနှင့် များပြားသော ဒုက္ခကို ခံစားရပ်တည်နေကြရသည်ဟုလည်း လွှတ်တော်က ရှုမြင်သည်။
“စစ်ရေးအရှိန် တင်းမာနေမှုများအား လျှော့ချပြီး ထာဝရငြိမ်းချမ်းရေးလမ်းကြောင်းကို တည်ဆောက်ပေး ကြပါရန်” လည်း ပြည်သူ့လွှတ်တော်က တိုက်တွန်းထားသည်။
အဆိုပါကြေညာချက်မှာ သောကြာနေ့တွင်ကျင်းပသော လွှတ်တော်အစည်းအဝေးအတွင်း ကချင်ပြည်နယ်၊
မြစ်ကြီးနားမြို့နယ်မှ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးသိန်းဇော် ၏ “အရေးကြီးအဆို” တင်သွင်းပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပြီး လွှတ်တော်ကြေညာချက်ပါ စကားလုံးများမှာလည်း ထို အရေးကြီးအဆိုပါ စကားလုံးများအတိုင်းပင် သုံးစွဲထားသည်ကို တွေ့ရှိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ၊ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် KIO ဘက်မှ ဆရာကြီး ဆွမ်းလွတ်ဂမ် ဦးဆောင်သောကိုယ်စား လှယ်များ တရုတ်နိုင်ငံရွှေလီမြို့တွင် အောက်တိုဘာ ၃၀ ရက်နေ့က နောက်ဆုံးအကြိမ် တွေ့ဆုံပြီးနောက် ဆွေးနွေးပွဲများ ပြန်လည် မစတင်နိုင်သေးသည်မှာ ယနေ့တိုင်ဖြစ်ပြီး စစ်ရေးတိုက်ပွဲများ လည်းပြင်းထန် စွာဖြစ်ပွားနေဆဲဖြစ်သည်။