ယူနန် ကချင်များက စစ်ပြေးဒုက္ခသည်များအား လာရောက်အားပေး

ယူနန် ကချင်များက စစ်ပြေးဒုက္ခသည်များအား လာရောက်အားပေး
by -
မဇ္စျိမ

ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ခိုလှုံနေရသော စစ်ပြေးဒုက္ခသည်များ၏ ဒုက္ခအား ထပ်တူ ခံစားနေရကြောင်း ပြသသည့်အနေဖြင့် တဖက်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်း နေထိုင်သော ကချင်လူမျိုး ၁,၂၀၀ ကျော်က လာရောက် အားပေး ဆန္ဒဖော်ထုတ်ခဲ့သည်ဟု တရုတ်နိုင်ငံ၊ ရင်ကျန်းမြို့မှ ဘာသာရေးဆရာတဦးက ပြောသည်။

ကြာသပတေးနေ့နံနက် ၁၀ နာရီချိန်မှစ၍ တဖက်နိုင်ငံရှိ ရင်ကျန်း၊ ရွှေလီ၊ မန်ချီ၊ ဝမ်ဒင်၊ ဆန်ချီးကွန်မြို့များမှ ကိုယ်စားလှယ် ကချင်လူကြီး၊ လူငယ်များက ကား၊ ဆိုင်ကယ်များဖြင့် လိုင်ဇာမြို့ တဖက်ကမ်းသို့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က ရောက်ရှိလာကာ အင်အားပြသခဲ့ခြင်း ဖြစ်သည်။  

“ကျနော်တို့လူမျိုးတွေ စစ်ဘေးဒဏ်ကြောင့် ဒုက္ခအမျိုးမျိုး ကြံုတွေ့ နေရတာကို ကျနော်တို့နဲ့ အနီးစပ်ဆုံး တရုတ် အစိုးရကလည်း ဖြေရှင်းကူညီတာ မရှိလို့ ကျနော်တို့ ညီအစ်ကိုတွေကို အားပေးတဲ့သဘော။ စိတ်ဓါတ်မကျဖို့ လာအားပေးတာပါ။ ခုက လမ်းလျှောက်ပြတာပဲရှိတယ်” ဟု လိုင်ဇာမြို့သို့ လာရောက် ဆန္ဒဖော်ထုတ်ပြသနေသော ဓမ္မဆရာတဦးက ပြောသည်။  

တရုတ်အစိုးရက နယ်စပ်ဖြတ်ကျော်ခွင့် မပေးသဖြင့် စကားပြောဆိုခွင့်မရဘဲ အဝေးမှသာ ကြည့်ရှုခွင့် ရခဲ့ပြီး လက်ပြနှုတ်ဆက်ခဲ့ကြရခြင်း ဖြစ်သည်။

ပထမဆုံးအကြိမ် ဆန္ဒဖော်ထုတ်ခြင်းဖြစ်၍ စာတမ်းကိုင်ခြင်း၊ ကြွေးကြော်ခြင်း မရှိသလို သက်ဆိုင်ရာသို့ တောင်းဆိုစာများ ပေးပို့ခြင်းလည်း မရှိကြောင်းသိရသည်။ အကယ်၍ တရုတ်အစိုးရအဖြင့် တစုံတရာ တာဝန်ယူပေးခြင်း မရှိပါက နောက်တကြိမ်တွင် ပိုစတာများ ကိုင်ဆောင်ခြင်း၊ ကြွေးကြော်ခြင်းများ လုပ်ဆောင်သွားရန် စီစဉ်ထားသည်ဟု အဆိုပါ ဓမ္မဆရာက မဇ္စျိမကို ပြောသည်။

ထိုု့ပြင် ယနေ့ နံနက်ပိုင်းကလည်း လမ်းလျှောက်ချီတက်ရန် လာသော ကား ၁၀ စီးခန့်အား လမ်းတဝက်တွင် တရုတ်အာဏာပိုင်များက ပိတ်ဆို့မှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာ တရုတ်ရဲမှူးကြီးများနှင့် ညှိနှိုင်း၍ ပြန်လည် သွားခွင့်ပြုခဲ့သည်ဟု ဆက်လက်ပြောဆိုသည်။  

လိုင်ဇာဘက်ခြမ်းမှ စစ်ပြေးဒုက္ခသည်များကလည်း ကြိုဆိုကြောင်း စာတမ်းများ ရေးသားပြခဲ့ကြသလို  ကချင် တော်လှန်ရေး သီချင်းများ သီဆို၍ နုတ်ဆက်နေကြသည်ဟု လိုင်ဇာမြို့ခံ တဦးက ပြောသည်။

“စိတ်မကောင်း ဖြစ်မိတယ်။ မခံမရပ်နိုင် ဖြစ်မိတယ်။ အဲလိုမျိုး ဆန္ဒပြလာတဲ့ ကချင်လူမျိုးတွေက တသွေးတည်း၊ တသားတည်း ကျမတို့ အတူတူပဲ။ အရမ်းလည်း တွေ့ချင်ပါတယ်။ အခုလို ဒုက္ခတွေကနေ လွတ်မြောက်ဖို့ ဝိုင်းဝန်း ဆုတောင်းပေးစေချင်တယ်” ဟု လိုင်ဇာတွင် ဒုက္ခသည်အဖြစ် တနှစ်ခန့်ကြာ ရောက်ရှိခိုလှုံနေရသည့် မဂျာအိမ် က မဇ္စျိမကို ပြောသည်။

ဆန္ဒပြသူများက အပြန်ခရီးတွင် ရင်ကျန်းမြို့နယ် တရုတ်အစိုးရရုံး၌ ထပ်မံ၍ အင်အားပြမည့် အစီအစဉ်များ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။ 

Most read this week