အစိုးရဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေးများ လာမည့်ဘဏ္ဍာနှစ်တွင် တိုးမြှင့်ပေးနိုင်တော့ မည့် အနေအထားရှိကြောင်း ပြည်ထောင်စု လွှတ်တော်သို့ ဇန်နဝါရီလ ၁၀ ရက်နေ့က ပေးပို့သော သမ္မတ ဦးသိန်းစိန်၏ နှစ်သစ်ကူး သဝဏ်လွှာတွင် အရိပ်အမြွက် ထည့်သွင်း ပြောကြားသွားသည်။
ပြုပြင်ပြောင်းလဲမှု လုပ်ခဲ့သော လူမှုရေး ဆောင်ရွက်ချက်များအကြောင်း ပြောကြားရာတွင် သမ္မတက ယခုလို ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။
“လွှတ်တော်အတွင်း၌ ရသုံးမှန်းခြေ ငွေစာရင်း ဆွေးနွေးသည့် ကိစ္စရပ်များကိုလည်း ပြည်သူလူထုထံ ပွင့်လင်း
မြင်သာမှုရှိရှိ အသိပေးနိုင်ခဲ့ပြီး လာမည့် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တဆင့်ပြီး တဆင့် တိုးမြှင့်ပေးနိုင်တော့မည် ဖြစ်သည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပါသည်” ဟု သမ္မတ၏ နှစ်သစ်ကူး သဝဏ်လွှာတွင် ရေးသားပါရှိသည်။
ထို့ပြင် လာမည့်ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းကိုလည်း အစိုးရနှင့် လွှတ်တော်တို့အကြား ပွင့်ပွင့်
လင်းလင်း ဆွေးနွေးနိုင်ခဲ့ပြီး “ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ” ကို ပိုမိုစနစ်ကျစွာ ပြဋ္ဌာန်းနိုင်တော့မည်ဟုလည်း ပါရှိသည်။
အစိုးရ အဖွဲ့အစည်းများအတွင်း အဂတိလိုက်စားမှု ကင်းရှင်းရန်နှင့် လာဘ်ပေးလာဘ်ယူမှုများ ပပျောက်ရန် အတွက် ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် အဖွဲ့ဝင် ၈ ဦး ပါ "လာဘ်ပေး လာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ" ကိုလည်း ယခုလ ၈ ရက်တွင် သမ္မတ က ဖွဲ့စည်းခဲ့သေးသည်။
“ဒီကိစ္စလည်း စပ်ဆက်နိုင်တာပဲ။ စင်္ကာပူဆိုရင် သူ့ဝန်ထမ်းတွေကို အမြင့်ဆုံး ခံစားခွင့် ပေးထားတာ။ ဒါက လာဘ်ပေးဘာဘ်ယူ ပပျောက်ဖို့ အများကြီး အထောက်အကူပြုတာပေါ့” ဟု စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း က ပြောသည်။
၂၀၁၂-၂၀၁၃ ခုနှစ်မှစပြီး ဝန်ထမ်းလစာ တိုးမြှင့်ရေးနှင့် စပ်လျဉ်းသည့် အဆိုတခုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလထဲတွင် တင်သွင်းခဲ့ရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးလှထွန်း အပါအဝင် စက်မှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး၊ အမျိုးသား စီမံကိန်းဝန်ကြီးတို့မှ ဝန်ထမ်းများလစာ တိုးခြင်းကို ၂၀၁၃-၂၀၁၄ ခုနှစ်
တွင်သာ ဆောင်ရွက်သင့်ကြောင်းဖြင့် ဝန်ကြီး ဦးလှထွန်း က ပြန်လည်ရှင်းလင်းခဲ့ဖူးသည်။
ဝန်ထမ်းလစာများကို ၂၀၁၀ ခုနှစ်၊ ဧပြီလတွင် ကျပ်ငွေ နှစ်သောင်းစီ တိုးမြှင့်ပေးခဲ့ဖူးပြီး အစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် အခြေခံပညာ ဦးစီးဌာန အောက်ရှိ ပြည်နယ်နှင့်တိုင်းအဆင့်မှ မြို့နယ် အဆင့်ထိ ပညာရေး ဝန်ထမ်းများအား မူလ လစာ၏ ရ ရာခိုင်နှုန်းစီ တိုးမြှင့်ပေးခဲ့သည်။
အလားတူ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာ တိုးမြှင့်ကြောင်းကို ၂၀၁၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်ကကြေညာခဲ့ ဖူးသည်။