ရန်ကုန် ဘုရားများသို့ နိုင်ငံခြားဧည့်သည် ဝင်ရောက်ဖူးမျှော်မှု ဆက်တိုက်များခဲ့

ရန်ကုန် ဘုရားများသို့ နိုင်ငံခြားဧည့်သည် ဝင်ရောက်ဖူးမျှော်မှု ဆက်တိုက်များခဲ့
by -
မဇ္စျိမ

ရန်ကုန်မြို့ရှိ ဘုရားများသို့ နိုင်ငံခြားသား ဧည့်သည်များ ဝင်ရောက်ဖူးမျှော်မှုမှာ နှစ်စဉ် မြင့်တက်လာခဲ့ကြောင်း ဘုရားဂေါပကများ ထံမှ သိရသည်။

“၂၀၁၂ ခုနှစ်အတွင်းမှာ ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားသား ဧည့်သည် သုံးသိန်းခွဲခန့် လာရောက် ဖူးမျှော်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်အတွင်းက နိုင်ငံခြားသား ဧည့်သည် နှစ်သိန်း နှစ်သောင်း ငါးထောင်ကျော် ဝင်ရောက်ခဲ့ပါတယ်” ဟု ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

ရွှေတိဂုံစေတီတော်သို့ နှစ်အလိုက် နိုင်ငံခြားသား ဧည့်သည်ဝင်ရောက်မှုမှာ ၂၀၀၈ ခုနှစ်တွင် ရ၈,၃၂၃ ဦး၊ ၂၀၀၉ ခုနှစ်တွင် ၁၁၃,၅၂၉ ဦး၊ ၂၀၁၀ ခုနှစ်တွင် ၁၇၅,၀၅၄ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၂၂၅,၃၈၁ ဦးနှင့် ၂၀၁၂ ခုနှစ်တွင် ၃၄၅,၃၃၃ ဦးတို့ဖြစ်ကြောင်း သိရသည်။

“၂၀၁၂ ခုနှစ်ထဲမှာ ရွှေတိဂုံစေတီတော်ကို အရှေ့တောင်အာရှ၊ ဥရောပ၊ အာဖရိက၊ မြောက်အမေရိက၊
တောင်အမေရိကနှင့် အခြားနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံက နိုင်ငံခြားသားဧည့်သည်များ လာရောက်ခဲ့ပြီး အလှူငွေ အမေရိကန်ဒေါ်လာ ၁၄၁၅, ၁၃၉ နဲ့ FEC ၈၃,၁၃၆ ရရှိခဲ့ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

အလားတူ အင်းစိန်မြို့နယ် ကျောက်တော်ကြီး ဘုရားသို့လည်း နိုင်ငံခြားသား ဧည့်သည်များ ဝင်ရောက်ဖူး မျှော်မှု ပိုမိုများပြားလာသည်ဟု ဆိုသည်။

“ကျောက်တော်ကြီးဘုရားကို မရောက်တာကြာလို့ သွားဖူးဖြစ်တယ်။ နိုင်ငံခြားသား တရုတ်လူမျိုးတွေအုပ်စု လိုက် လာဖူးကြတာ တွေ့ရတယ်။ အရင်က နိုင်ငံခြားဧည့်သည် အဝင်မရှိတော့ အလှူငွေကောက်ခံတဲ့ ဌာန မထားဘူး။ အခုလို နိုင်ငံခြားဧည့်သည် ဝင်ရောက်မှု များလာရင် ဝင်ကြေး ကောက်တဲ့ ဌာနတွေ လိုလာနိုင် ပါတယ်” ဟု အကောက်ခွန် ဌာနမှ အငြိမ်းစား အရာရှိ ဦးလှအေး က ပြောသည်။

ထို့အတူ ကမ္ဘာအေးစေတီနှင့် စွယ်တော်မြတ်စေတီများသို့လည်း နိုင်ငံခြားသား ဧည့်သည်များဝင်ရောက်ဖူး မျှော်မှု များပြားလာသဖြင့် ဝင်ကြေး ကောက်ခံသည့် ဌာနများ ထားရှိရန် စီစဉ်သင့်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသွားသည်။