ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ကျေးရွာအနီး ဒီဇင်ဘာ ၂၇ ရက်နေ့က ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် သုံ့ပန်းအဖြစ် KIO ၏ ထိန်းသိမ်းခြင်းခံခဲ့ရသည့် အစိုးရတပ်မှ ရဲဘော် ရဲဇော်သည် လိုင်ဇာဆေးရုံတွင် ဇန္နဝါရီလ ၆ ရက်နေ့က ကျဆုံးသွားခဲ့ပြီဟု လိုင်ဇာဆေးရုံ ကျန်းမာရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဟိုပင်အခြေစိုက် အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ ၃၈၇ မှ ရဲဘော် ရဲဇော်သည် လဂျားယန်တိုက်ပွဲအတွင်း ဝမ်းဗိုက်တွင် ကျဉ်ဆံထိမှန်ကာ လိုင်ဇာဆေးရုံသို့ KIO က ပေးပို့ ဆေးကုသမှုခံယူပြီးနောက် ၁၀ ရက်အကြာတွင် ကျဆုံးသွားခြင်း ဖြစ်သည်။
"သူက လဂျားယန်တိုက်ပွဲမှာ ဒဏ်ရာပြင်းထန်တယ်။ ဒါကြောင့် ဒီမှာ တပတ်လောက် ဆေးကုနေရင်း ဆုံးသွားတယ်။" ဟု လိုင်ဇာ ဆေးရုံ ကျန်းမာရေးမှူးက ပြောသည်။
လဂျားယန်တိုက်ပွဲအတွင်း အစိုးရ၏ သုံ့ပန်း ရ ဦးအား KIO က ထိန်းသိမ်းခဲ့ရာ ရဲဘော် ရဲဇော်နှင့်အတူ ဆားမှော်မြို့မှ ရဲဘော် ရဲလင်းမြင့်လည်း လိုင်ဇာဆေးရုံတွင် ခြေထောင်ဒဏ်ရာအတွက် ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း အထက်ပါ ကျန်းမာရေးမှူးက မဇ္စျိမကို ပြောသည်။ ကျန် ၅ ဦးမှာ KIO က ဆက်လက် ထိန်းသိမ်းထားသည်ဟု သိရသည်။
KIO နှင့် အစိုးရတို့အကြား တိုက်ပွဲ ဖြစ်ပွားပြီးနောက် အစိုးရ၏ ရှေ့တန်းစခန်းများမှ ဖမ်းဆီးခံထားရသူ သုံ့ပန်း ၃၀ ခန့် ရှိပြီး ထိုသုံ့ပန်းများအား KIO ဘက်မှ လွဲအပ်လိုသဖြင့် အစိုးရဘက်မှ စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က လိုင်ဇာ ဌာနချုပ်သို့ ရောက်ရှိခဲ့သူ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။
“ကေအိုင်အေ ကလည်း အဲဒီအယောက် ၃၀ လောက်ကို ပြန်ပေးချင်တယ်။ ဒီဘက်က အစိုးရကလည်း လက်ခံဖို့
ပြင်ဆင်ဆောင်ရွက်နေပါပြီ၊ ကျနော်က အဲဒီဟာ ဆက်လက် လုပ်ဆောင်နေတယ်” ဟု မဇ္စျိမကို ပြောသည်။
မြန်မာအစိုးရတပ်က ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ယခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ထိ ရဟတ်ယာဉ် များဖြင့် ပစ်ကူခဲ့ပြီးနောက် ဇန်နဝါရီလ ၄၊ ၅၊ ၆ ရက်နေ့များတွင် စစ်တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခြင်း မရှိခဲ့သော်လည်း ဇန်နဝါရီ ရ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်က ရဟတ်ယာဉ် သုံးစင်းဖြင့် ပြန်လည် ပစ်ခတ်မှုများ ရှိနေသည်ဟု ကျောင်းသား တပ်မတော်(မြောက်ပိုင်း) ABSDF မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မင်းဋ္ဌေးက ပြောသည်။
“သုံးနာရီခွဲလောက်မှာ လာသွားတယ်။ သူတို့ ရ၇၁ တောင်ကုန်းကို ရဟတ်ယာဉ်သုံးစင်း ဝဲပြီး နှစ်စင်းက အပေါ်ကနေ ပစ်တယ်။ တစင်းက ဆင်းသွားတယ်။ အဲဒီမှာ ကျည်တွေ ဝင်ဖြည့်ပြီး အဲဒီအနီးမှာရှိတဲ့ ကေအိုင်အို တပ်တွေကို လှမ်းပစ်သွားတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
ယင်းအပြင် အစိုးရတပ်မှ KIO အပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်တန့်ရန် မလေးရှား၊ သြစတေးလျနှင့် အမေရိကန် နိုင်ငံရောက်ရှိနေသော မြန်မာနိုင်ငံသား တိုင်းရင်းသားများက ဇန်နဝါရီ ရ ရက်နေ့တွင် မြန်မာသံရုံး ရှေ့တွင် ဆန္ဒပြကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။
(၁၇) နှစ်ကြာ အပစ်အခတ်ရပ်စဲထားရာမှ ၂၀၁၁ ခုနှစ် ဇွန်လ (၉) ရက်နေ့ကပြန်လည် တိုက်ခိုက်ခဲ့ကြသည့် KIO နှင့် မြန်မာအစိုးရတို့ အပစ်အခတ်ရပ်စဲရေးအတွက် ၁၁ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယမန်နှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ဝန်ကြီး ဦးအောင်မင်းဘက်မှ တွေ့ဆုံဆွေးနွေးရန် KIO ထံ စာပေးပို့ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် KIO ဘက်မှ ပြန်လည်တွေ့ဆုံရန် တုံ့ပြန်ခြင်း မရှိသေးပေ။