အစိုးရတပ်မှ KIO ကို တိုက်လေယာဉ်ဖြင့် ဆက်လက် တိုက်ခိုက်နေဟု ဆို

အစိုးရတပ်မှ KIO ကို တိုက်လေယာဉ်ဖြင့် ဆက်လက် တိုက်ခိုက်နေဟု ဆို
by -
မဇ္ဈိမ

မြန်မာအစိုးရ တပ်ဖွဲ့နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO တပ်ဖွဲ့များ နမ်ဆန်ယန်ကျေးရွာ အနီး၌ မြေပြင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရဘက်မှ စစ်တိုက်လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက်မှုများပြုလုပ်နေ သည်ဟု  ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ABSDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မင်းဌေးက ပြောသည်။

“တောင်ကုန်းပေါ်မှာ ဖြစ်နေတယ်။ ဒီမနက် နမ်ဆန်ယန်ဘက်ကနေ တက်လာတာ။ မတက်လာနိုင်အောင် ကျနော်တို့ တားထားတယ်။ မနက် ၈ နာရီကတည်းကနေ ဖြစ်နေတာ၊ ခုန ၁၁ နာရီခွဲလောက်မှာ ပထမတခေါက်လာတာက တိုက်လေယဉ် HKW တရုတ်က လေ့ကျင့်တဲ့လေယာဉ်၊ ဒီတခေါက်လာတာက ရဟတ်ယာဉ်နဲ့ ပစ်သွားတာ တခါပစ်လိုက် ပြန်သွားလိုက်လုပ်နေတာ”ဟု ဗိုလ်မှူး မင်းဌေးက ပြောသည်။

အစိုးရ တပ်ဖွဲ့များက မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ နမ်ဆန်ယန်ကျေးရွာအနီး နံနက် ၈ နာရီချိန်မှ စတင်၍ ထိုးစစ်ဆင်လာသဖြင့် KIA ရှေ့တန်းတပ်ဖွဲ့မှ ပြန်လည် ခုခံတိုက်ခိုက်ခဲ့ရာ အစိုးရ စစ်တပ်က တိုက်လေယာဉ်ဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်။

ထို့ပြင် နေ့လည် ၁၁ နာရီခွဲ အချိန်မှစ၍ တိုက်လေယာဉ် နှစ်စီးက လာရောက် ပစ်ခတ်ခဲ့သလို ရဟတ်ယာဉ် နှစ်စီးဖြင့် ထပ်မံ၍ တိုက်ခိုက်နေသည်ဟု ဗိုလ်မှူး မင်းဌေးက ပြောသည်။ ယင်းလေယာဉ်နှစ်စီးအား လိုင်ဇာမြို့မှ စစ်ပြေးဒုက္ခသည်များကလည်း တွေ့မြင်ရကြောင်း လိုင်ဇာမြို့ခံတဦးက ပြောသည်။

အလားတူ ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့မှ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ နေ့စဉ် ပျံသန်းနေကြောင်း မြစ်ကြီးနားမြို့မှ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“နေ့တိုင်း မြစ်ကြီးနားကနေ ပျံသန်းသွားတာ တွေ့နေတာဘဲ၊ လေယာဉ်သံတွေ ကြားနေရတယ်။ မနေ့ကလည်း ၉ နာရီမှာ တကြိမ်၊ ၂ နာရီမှာတကြိမ် ပျံသန်းသွားတာဘဲ”ဟု သူက မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်နေ့က လဂျားယန်ကျေးရွာ အထက်ပိုင်း KIA ၏ ရှေ့တန်း ပွိုင့်ကုန်း ရ၇၁ တပ်စခန်းအား မြန်မာ အစိုးရဘက်မှ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် KIA ဘက်မှ ဆုတ်ခွာပေးလိုက်ရသလို ထပ်မံ ထိုးစစ်ဆင်လာမှု အပေါ် ဆက်လက် တိုက်ခိုက်နေသည်ဟု ဗိုလ်မှူး မင်းဌေးက ပြောသည်။

“အဲဒီနေရာကို အင်အား ထပ်ဖြည့် တက်လာတာကို ကျနော်တို့က အောက်ကနေ တိုက်နေတာ၊ သူတို့ပြောနေ တာ က လဂျားယန်ကို နိုင်ပြီလို့ ပြောနေတယ်။ ဒါပေမဲ့ မရသေးပါဘူး။ မရအောင် ကျနော်တို့ လုပ်နေတာ”ဟု သူက မဇ္စျိမကို ပြောသည်။

တချိန်တည်းတွင် အစိုးရတပ်ဖွဲ့ အခြေစိုက်ရာ ဘွမ်ဆွမ်တောင်၊ မန်သဲ၊ ခန်းကိုင်တောင် စသည့် တောင်သုံးခုမှ အမြောက် လက်နက်ကြီးများဖြင့် လဂျားယန်ကျေးရွာအနီးသို့ ပစ်ခတ်နေဆဲ ဖြစ်သည်ဟုလည်း ဆိုသည်။

ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အစိုးရက စစ်လေယာဉ် အသုံးပြု၍ KIA ရှေ့တန်းတပ်စခန်းများ အား တိုက်ခိုက်နေသည်ဟု KIO ဘက်မှ ပြောဆိုနေမှုအပေါ် မြန်မာအစိုးရဘက်မှ မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။

ထို့အပြင် အစိုးရစစ်တပ်မှ ရဟတ်ယာဉ်၊ တိုက်လေယာဉ်များ အသုံးပြု ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မဟုတ်ဘဲ လဂျားယန်ရှိ အစိုးရ၏ တပ်ဖွဲ့များအတွက် လေကြောင်းဖြင့် ထောက်ပံ့ရေး ရိက္ခာပစ္စည်းများ ပို့ဆောင်ခြင်းသာ ဖြစ်သည်ဟု သမ္မတရုံး ညွန်ကြားရေးမှူး ဗိုလ်မှူး ဇော်ဌေးက AP သတင်းကို ပြောဆိုထားသည်ဟု အာအက်ဖ်အေ မြန်မာပိုင်းတွင် ဖော်ပြထားသည်။

အဆိုပါ အစိုးရဘက်မှ ပြောဆိုမှုနှင့် လက်တွေ့မှာ ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ကျောင်းသား တပ်မတော်
(မြောက်ပိုင်း) ABSDF မှ ဗိုလ်မှူး မင်းဌေးက ပြောသည်။

“စားနပ်ရိက္ခာ ပါမပါတော့ မသိဘူး။ ကျနော်တို့ကို ပစ်သွားတာကတော့ ကျည်ဆံတွေဘဲ ပစ်တာ။ သူသိသိနဲ့
ပြောတာလဲ ဖြစ်မယ်။ လိမ်နေတာလဲ ဖြစ်မယ်။ ဒီမှာက ကျနော်တို့က လက်တွေ့ဆိုတော့ သူပြောတာမဟုတ်ဘူး။ လွဲနေတယ်”ဟု ဗိုလ်မှူး မင်းဌေးက ပြောသည်။

သို့သော် အစိုးရအာဘော်တခုဖြစ်သည့် မြဝတီ အွန်လိုင်းစာမျက်နှာတွင် အစိုးရတပ်မတော်မှ လဂျားယန် စခန်းသို့ ရိက္ခာပို့သည့် မြစ်ကြီးနား-ဗန်းမော်ကားလမ်းရှိ ပွိုင့်ကုန်း  ရ၇၁ နှင့် ပတ်ဝန်းကျင်အား KIA က အဓိက ပိတ်ဆို့ထားသဖြင့် “လေကြောင်း ပစ်ကူ တိုက်ခိုက်ခဲ့ရာ” ဒီဇင်ဘာလ ၃၀ ရက်နေ့က အောင်မြင်စွာသိမ်းပိုက် ရရှိခဲ့သည်ဟု ဖော်ပြထားသည်။