ကရင်အမျိုးသားအစည်းအရုံး KNU ထိပ်ပိုင်းခေါင်းဆောင်များ ပြောင်းလဲလိုက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့လည်း အသစ်ပြန်လည် ဖွဲ့စည်းမည်ဟု တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်း က ပြောသည်။
အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် ယခင် ကိုယ်စားလှယ်အဖွဲ့ ကို ဖျက်သိမ်းလိုက်ပြီး လာမည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ကိုယ်စားလှယ်အဖွဲ့သစ်ကို ရွေးချယ် ဖွဲ့စည်းသွားမည်ဟု ဆိုသည်။
“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က KNU ရဲ့မူဝါဒအပေါ်မှာပဲ မူတည်ပါတယ်။ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတော့ တိုက်ရိုက် မပတ်သက်ဘူး။ လုပ်ငန်းစဉ်က အရင်အတိုင်းပဲ ချမှတ်ထားတဲ့ အခြေခံ ၄ ဆင့် ပမာဏ အပစ်အခတ် ရပ်စဲပြီး ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်ဆောင်ရွက်မယ်။ နိုင်ငံရေး ဆွေးနွေးမှု အဆင့်နှစ်ဆင့်ကို ဆက်သွားမယ်” ဟု ပဒိုမန်းမန်း က မဇ္စျိမကို ပြောသည်။
ယခင် ကိုယ်စားလှယ်အဖွဲ့ကို ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ဖွဲ့စည်းခဲ့ပြီး ထိုစဉ်က ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ် တာကပေါ၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ တရားရေးဌာနမှူး ပဒိုဒေးဗစ်ထော၊ ကျန်းမာရေးဌာမှ ဗိုလ်မှူးစောရောဂျာခင်နှင့် သစ်တောဌာနမှူး ပဒိုစောအားတိုး၊ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုအောင်မော်အေးတို့ ဦးဆောင်ပါဝင်ခဲ့သည်။
နိုဝင်ဘာလ ၂၆ မှ ဒီဇင်ဘာလ ၂၆ ရက်နေ့ထိ ဘားအံခရိုင် တပ်မဟာ ရ နယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သော KNU ၏ ၁၅ ကြိမ်မြောက် ညီလာခံမှ ဥက္ကဋ္ဌသစ်အဖြစ် (ယခင် စစ်ဦးစီးချုပ်) ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ကို တင်မြှောက်လိုက်ပြီး စစ်ဦးစီးချုပ်သစ်အဖြစ် ဗိုလ်မှူးချုပ် စောဂျော်နီ၊ ဒု-စစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ် စောဘောကျော်ဟဲ အား တာဝန်ပေးအပ်လိုက်သည်။
ဒု- ဥက္ကဋ္ဌ နော်စီဖိုးရာစိန်၊ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုမန်းမန်း၊ တွဲဘက် အတွင်းရေးမှူး(၂) ပဒိုစောရောဂျာခင်၊ အဖွဲ့ဝင်များအဖြစ် ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောသမိန်ထွန်း၊ ပဒိုစောတာဒိုမှူး၊ ဗိုလ်မှူးချုပ်စောဂျော်နီနှင့် ဗိုလ်မှူးချုပ် စောဘောကျော်ဟဲ တို့ ၁၁ ဦးအား တာဝန်ပေးအပ် လိုက်ကြောင်း ဒီဇင်ဘာလ ၂၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
ထိုသို့ ခေါင်းဆောင်မှု အပြောင်းအလဲများ လုပ်ခဲ့သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများမှာ မူလအတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဟု ပဒိုမန်းမန်းက ပြောသည်။
ထို့အပြင် အမျိုးသားရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်မှု ပိုမို အားကောင်းလာရေးကို ပံ့ပိုးဆောင်ရွက်သွားရန် အမျိုးသမီး ၃ဝ ရာခိုင်နှုန်း ပါဝင်ရန် သဘောတူခဲ့သည်ဟု ပဒိုမန်းမန်း က ပြောသည်။
“အမျိုးသမီးတွေ စီမံခန့်ခွဲမှုနဲ့ ဆုံးဖြတ်နိုင်တဲ့နေရာမှာ မူဝါဒပိုင်းဆိုင်ရာ ပတ်သက်တဲ့နေရာမှာ အမျိုးသမီးတွေ ပါဝင်လာ ဖို့၊ အားကောင်းလာဖို့၊ ဗဟိုကော်မတီအဆင့်မှာ အနည်းဆုံး အမျိုးသမီးတွေ ပါဝင်ရမယ်ဆိုတာ ဆုံးဖြတ်ချက် ချမှတ် နိုင်ခဲ့တယ်။ အကောင်အထည်ဖော်တာက အချိန်အများကြီး လိုပါသေးတယ်” ဟု မဇ္စျိမကို ပြောသည်။ လက်ရှိတွင်မူ ဗဟိုကော်မတီ ၄၅ ဦးတွင် အမျိုးသမီး လေးဦးသာ ထားရှိနိုင်သေးသည်။
ဇန်နဝါရီလအတွင်းက နှစ်ဖက် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ပြီး နောက်ဆုံး စက်တင်ဘာလ ၄ ရက်နေ့က နှစ်ဖက်တပ်များ လိုက်နာသင့်သော ကျင့်ဝတ်များအပေါ် သဘောတူ လက်မှတ် ရေးထိုးလိုက်နိုင်ခဲ့သည်။ ထိုဆွေးနွေးပွဲတွင် KNU ၏ တပ်မဟာ ၁ မှ ရ ထိ တပ်နေရာ ချထားရေးနှင့် ပတ်သက်၍ တင်ပြခဲ့သည်။
ညီလာခံတွင် လူ့အခွင့်အရေး ကော်မတီတရပ် ဖွဲ့စည်းသွားရန်နှင့် အမျိုးသားစည်းလုံး ညီညွတ်ရေး၊ အုပ်ချုပ်ရေးနှင့် တည်ဆောက်ရေး တို့နှင့် စပ်လျဉ်း၍ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပြီး စီးပွားရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ မူဝါဒများ ကိုလည်း ချမှတ်သွားရန် သဘောတူခဲ့ကြသည်ဟု ကြေညာချက်တွင် ပါရှိသည်။
KNU ၏ ဌာန ၁၄ ခုမှ တာဝန်ခံများကိုလည်း ပြောင်းလဲတာဝန်ပေးအပ်ခဲ့ရာ ပဒိုမန်းဘထွန်း (သစ်တောဌာန)၊ ပဒိုစောနေစိုး (သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန)၊ စောအယ်လိုဆွေဦး (ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန)၊ စောလှထွန်း (စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန)၊ စောလေမူး (လယ်ယာနှင့် စိုက်ပျိုးရေး ဌာန)၊ စောလှစေး (ပညာရေးနှင့် ယဉ်ကျေးမှုဌာန)၊ စောမြမောင် (မွေးမြူရေးနှင့် ငါးဖမ်းဌာန)၊ စောရောဂျော်ခင် (ကာကွယ်ရေးဌာန)၊ စောကဲလဲ (သတ္တုတွင်းဌာန)၊ စောကလိုစေး (တရားရေးဌာန)တို့ ဖြစ်သည်။
ယခင် ဒု-ဥက္ကဋ္ဌ တာဝန်ယူခဲ့သော စောဒေးဗစ်သာကဘောမှာ (မဟာမိတ်ရေးရာဌာန)၊ စောအောင်ဝင်းရွှေ (နိုင်ငံခြားရေးဌာန)၊ စောအာတိုး (တရားရေးနှင့် သာသနာရေးဌာန)၊ စောခေးဆယ် (အကောက်ခွန်နှင့် ဘဏ္ဍာရေး ဌာန)တို့ တာဝန်ပေးအပ်ခဲ့သည်ဟု သိရသည်။
ကွယ်လွန်သူ ပဒိုဒေးဗစ်ထော၏ တရားရေးဌာန တာဝန်ခံ နေရာတွင် ပဒိုအယ်ကလိုစေးအား တာဝန်ပေး လိုက်ပြီး ပဒိုစောလှငွေအား အရေးကြီးသည့် တပ်ပိုင်းဆိုင်ရာ တနေရာတွင် တာဝန်ပေးအပ်မည်ဟု သိရသည်။