လက်ပံတောင်း ကော်မရှင်အား သဘာဝပတ်ဝန်းကျင် ပညာရှင်များ ကူညီ

လက်ပံတောင်း ကော်မရှင်အား သဘာဝပတ်ဝန်းကျင် ပညာရှင်များ ကူညီ
by -
မဇ္စျိမ

ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင်သည် ပညာရှင်များ၏ အကူအညီ လိုအပ်သည့်အလျောက် ကော်မရှင်သက်တမ်း တလနီးပါးအကြာတွင် မြန်မာ့ ပတ်ဝန်းကျင် သိပ္ပံ (MEI)မှ ပညာရှင်များက ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို အကဲဖြတ်နိုင်ရန်နှင့် လူမှုဘဝ အကျိုးသက် ရောက်မှုကို အကဲဖြတ်နိုင်ရန်အတွက်” ဘာသာရပ်အလိုက် ကျွမ်းကျင်သူ ၁၂ ဦးအဖွဲ့က လုပ်ငန်းဆောင်ရွက်ချက်များ ကို ကော်မရှင်သို့ ၂ ပတ်အတွင်း ပြန်လည်အစီရင်ခံမည်ဟု ဗုဒ္ဓဟူးနေ့ထုတ် ကော်မရှင်ကြေညာချက်က ဆိုသည်။

လက်ပံတောင်း ကော်မရှင်အား သဘာဝပတ်ဝန်းကျင် ပညာရှင်များ ကူညီ

မြန်မာ့ ပတ်ဝန်းကျင် သိပ္ပံ (MEI)မှ ပညာရှင်များက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင်အား ကူညီမည် (ဓါတ်ပုံ - ရဲမင်း၊ မဇ္စျိမ)

“ကျမတို့ ကော်မရှင်အဖွဲ့ဝင်တွေက ပညာရှင်တွေလည်း မဟုတ်ပါဘူး။ အဲဒီအတွက်ကြောင့်မို့လို့ ကျမတို့က ပညာရှင် ဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို အကူအညီတောင်းပြီးတော့ ဒီပညာရှင်တွေကနေ ကျမတို့ မသိသေးတဲ့ လိုအပ်နေတဲ့ အချက်အလက်တွေကို သူတို့က ရှာဖွေပေးမှာပါ။ သဘာဝ ပါတ်ဝန်းကျင်နဲ့ စပ်ဆိုင်တာတွေ ကျမတို့ လေ့လာဖို့ လိုဦးမယ်။ ကျမတို့ ပညာရှင်တွေရဲ့ အကူအညီ လိုပါတယ်” ဟု ကော်မရှင်အဖွဲ့ဝင် လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင် က ပြောသည်။

ထို့အပြင် ကော်မရှင်အား ပြန်လည်ဖွဲ့စည်းလိုက်သည့် ဒီဇင်ဘာလ ၃ ရက် အမိန့်ကြော်ငြာစာပါ တာဝန်ပေးချက်အတိုင်း ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံ ကြားဖြတ် အစီရင်ခံစာ တင်ပြမည်ဟုလည်း ဆိုသည်။

“ကြားဖြတ်အစီရင်ခံစာပါ အပြီးမဟုတ်သေးပါဘူး။ ကျမတို့ကော်မရှင်အနေနဲ့ ပြည်သူလူထုတွေနဲ့ တွေ့တာတို့၊ Impact (သက်ရောက်မှု)အနေနဲ့ အဲလိုကိစ္စတွေက ကျမတို့ ပြီးသွားပါပြီ။ ကျမတို့ တွေ့ရှိတာတွေပေါ့” ဟု ဒေါ်ခင်စန်းလှိုင် က မဇ္စျိမကို ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန့်ကျင်ရေး သပိတ်စခန်းများအား လုံခြံုရေး ရဲများက နိုဝင်ဘာလ ၂၉ ရက် နံနက်မိုးမသောက်မီ အကြမ်းဖက်ဖြိုခွင်းမှုအပြီး ကော်မရှင်ကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

စတင်ဖွဲ့စည်းစဉ်က ကော်မရှင်အား အဖွဲ့ဝင် ၃ဝ ဖြင့် ဖွဲ့စည်းကာ တာဝန်များအဖြစ် “ကြေးနီမိုင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ရန် သင့်/မသင့် နှင့် ဆန္ဒပြမှုဖြစ်စဉ်များ ထိန်းသိမ်းခြင်းတို့အပေါ် အခြေအနေအမှန် ဖော်ထုတ်နိုင်ရန်” ဖြစ်ပြီး အစီရင်ခံစာကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သမ္မတထံ တင်သွင်းရမည်ဟု ဆိုထားသည်။

သို့သော်လည်း ထိုသို့ဖွဲ့ပြီးနောက် နှစ်ရက်အကြာတွင် အဖွဲ့ဝင် ထက်ဝက်ခန့်လျှော့ချကာ တာဝန်အဖြစ် “ကြေးနီမိုင်း လုပ်ငန်း ဆက်လက်ဆောင်ရွက်ရန် သင့်/မသင့် အတွက်” ဟုသာ သတ်မှတ်ပေးလိုက်ပြီး ကြားဖြတ်အစီရင်ခံစာကို လည်း ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှ တင်သွင်းရန် ပြင်ဆင်သတ်မှတ်ပေးလိုက်သည်။

“ကျမတို့က ပြည်သူတွေကိုလည်း ပွင့်လင်းမြင်သာအောင် တွေ့ရှိတာတွေ အကုန်လုံး ဖော်ပြပေးနေမှာပါ။ ကျမတို့ ပြည်သူတွေအနေနဲ့ ကျမတို့ကော်မရှင်က ဆောင်ရွက်နေတာတွေကိုတော့ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ပေးပါလို့ ကျမ ဒါတော့ ပြောချင်ပါတယ်” ဟု ဒေါ်ခင်စန်းလှိုင် က မဇ္စျိမကို ပြောဆိုသွားသည်။

ကော်မရှင်၏ နောက်ဆုံးဆောင်ရွက်ချက်အရ လက်ပံတောင်းသပိတ် ဖြိုခွင်းမှုတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် သံဃာတော် နှစ်ပါးအား ထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှုခံယူနိုင်ရန် စီစဉ်ပေးခဲ့သည်ဟု ဒီဇင်ဘာလ ၂၆ ရက်နေ့ ကော်မရှင်ကြေညာချက်တွင် ဖော်ပြထားသည်။