အသက်ဆုံးရှုံးစေနိုင်သည် အထိ ပြင်းထန်ကာ ဆေးမတိုး တော့သည့် ငှက်ဖျားရောဂါပျံ့ပွါးမှှုနှင့် ပတ်သက်၍ ဆန်းသစ်ထူးခြား သည့် သုတေသနကို အမေရိကန်နိုင်ငံ၊ မာရီလန်း တက္ကသိုလ် ဆေးသိပ္ပံမှ သုတေသီများက မြန်မာနိုင်ငံတွင် လုပ်ဆောင်နေကြကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စီစဉ်ဖွဲ့စည်းထားသည့် နိုင်ငံတကာ သုတေသန အဖွဲ့ကြီးတခု၏ အစိတ်အပိုင်း တရပ်အဖြစ် ပါဝင်လုပ်ကိုင်နေကြသော သိပ္ပံပညာရှင်များ က မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဒေသတွင် ဆေးယဉ် ငှက်ဖျားရောဂါပိုး နောက်ဆုံး အမျိုးအစားသစ် ပျံ့ပွါးပုံကို ခြေရာခံ ဖော်ထုတ်ရေးအတွက် စမ်းသပ်ချက်များပြုလုပ်ရာတွင် အသုံးပြုနိုင်မည့် အလားအလာရှိသည့် ဗီဇအမှတ် အသား (genetic markers) များစွာကို ဖော်ထုတ် နိုင်ခဲ့ကြောင်း medicalxpress အင်တာနက်စာမျက်နှာတွင် ဖော်ပြပါရှိသည်။
မာရီလန်း တက္ကသိုလ် ဆေးသိပ္ပံမှ သုတေသန ပညာရှင်များသည် အာတီမီဆီနင် (Artemisinin) ဆေးကို ခံနိုင်ရည်ရှိ သည့် ရောဂါပိုး ပျံ့ပွါးပုံကို ခြေရာခံ ဖော်ထုတ်ရေးနှင့် မြန်မာနိုင်ငံတွင် ငှက်ဖျား ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူပြုရေးအတွက် ဒေသတွင်း ပညာရှင်များအား မော်လီကျူလာနှင့် ဆေးဝါးသုတေသန ဓါတ်ခွဲခန်းများ တွင် နောက်ဆုံးပေါ် နည်းလမ်းများအား အသုံးပြုနိုင်စေရန် လေ့ကျင့် သင်ကြားပေးရန်် အသစ်ရရှိသော ရန်ပုံငွေများကို အသုံးပြုသွားမည် ဖြစ်သည်။
နောက်ဆုံးပေါ် အာတီမီဆီနင် ဆေးကို ခံနိုင်ရည်ရှိသည့် ငှက်ဖျားပိုးကြောင့် ဖြစ်ပွါးသည့် ငှက်ဖျားရောဂါ အမျိုးအစား သည် ဆေးယဉ်ပါး ငှက်ဖျားရောဂါ အမျိုးအစားသစ် တခုဖြစ်ပြီး အာတီမီဆီနင် အုပ်စုဝင် ဆေးများဖြင့် ပြင်းထန်သော ငှက်ဖျားရောဂါကို ကုသရာတွင် တိုးတက်မှှု နှေးကွေးနေသည်။
WHO ၏ ကိန်းဂဏန်းများအရ ၂ဝ၁ဝ ခုနှစ်တွင် တကမ္ဘာလုံး၌ ငှက်ဖျားဝေဒနာ ခံစားရသူပေါင်း ၂၁၆ သန်းခန့် ရှိခဲ့ပြီး
ဝေဒနာရှင် ၆၅၅,ဝဝဝ ခန့် သေဆုံးခဲ့ပြီး အများစုမှာ အာဖရိကမှ ကလေးငယ်များ ဖြစ်ကြသည်။ အာဖရိကတွင် ငှက်ဖျားရောဂါကြောင့် မိနစ်တိုင်း မိနစ်တိုင်းတွင် ကလေးတဦးစီ သေဆုံးလျက် ရှိနေသည်ဟု WHO က ဆိုသည်။
“မြန်မာနိုင်ငံရဲ့ လူဦးရေဟာ အရှေ့တောင်အာရှ ဒေသကြီးရဲ့ လူဦးရေရဲ့ ၃ ရာခိုင်နှှုန်းပဲ ရှိပေမယ့် မြန်မာနိုင်ငံရဲ့ ငှက်ဖျားဝေဒနာရှင် အရေအတွက်ဟာ အရှေ့တောင်အာရှဒေသ ငှက်ဖျားဝေဒနာရှင် အရေအတွက်ရဲ့ ၂ဝ ရာခိုင်နှှုန်းလောက် ရှိနေပါတယ်” ဟု ကူးစက်ရောဂါ၊ ပြည်သူ့ကျန်းမာရေး၊ အဏုဇီဝဗေဒ နှင့် ကိုယ့်ခံအားစနစ် လေ့လာရေး ဆေးပညာ ပါမောက္ခ တဦးဖြစ်ပြီး Howard Hughes ဆေးသုတေသီ ဒေါက်တာ Christopher Plowe က ဆိုသည်။
မာရီလန်း တက္ကသိုလ် ဆေးသိပ္ပံ၏ ကာကွယ်ဆေး ဌာနမှ ခေါင်းဆောင်တဦးလည်း ဖြစ်သူ သုတေသန အကြီးအကဲ ဒေါက်တာ Plowe သည် ထိုသုတေသန အတွက် Johns Hopkins Bloomberg School of Public Health မှ ပညာရှင်များနှင့် တွဲဖက်၍ လုပ်ဆောင်မည် ဖြစ်သည်။
“အာတီမီဆီနင်ဟာ ငှက်ဖျားတိုက်ဖျက်ရေး ဆေးတွေထဲမှာ ထိရောက်တဲ့ နောက်ဆုံး ဆေးအုပ်စု ဖြစ်တဲ့အပြင် ငှက်ဖျားပိုးတွေ ဆေးယဉ်ပါးလာမှှုကြောင့် ထိရောက်မှှု မရှိတော့တဲ့ သူ့အရင်က ဆေးတွေရဲ့ နေရာမှာ အစားထိုး အသုံးပြုနေတဲ့ ဆေးအမျိုးအစား ဖြစ်ပါတယ်။ အခု ဒီ အာတီမီဆီနင် ဆေးကို ယဉ်ပါးလာတဲ့ ငှက်ဖျား အမျိုးအစားဟာ တခြားငှက်ဖျားတွေနဲ့ ယှဉ်ရင် နည်းသေးပေမယ့် အာတီမီဆီနင် ဆေးကို ယဉ်ပါးလာတဲ့အတွက်ကြောင့် အဲဒီ့ ငှက်ဖျားရောဂါ အမျိုးအစား စတင်တွေ့ရှိခဲ့ရတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ငှက်ဖျားကို တိုက်ဖျက်ကုသရာမှာ ကျရှံုးမှှုတွေ ဖြစ်ပေါ် ခဲ့ပြီးပါပြီ။ ဒီဆေးရဲ့ ထိရောက်မှှုတွေ ဆုံးရှံုးပြီး လူ့အသက်ပေါင်းများစွာ ဆုံးရှံုးရမှာကို စိုးရိမ်နေကြပါတယ်” ဟု ဒေါက်တာ Plowe က ဆိုသည်။
ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား အနောက်ပိုင်း အပြင် ထိုင်းနိုင်ငံ မြောက်ပိုင်း မြန်မာနယ်စပ် အနီးတွင် လုပ်ကိုင်နေကြ သည့် သုတေသန ပညာရှင်များက အာတီမီဆီနင်ဆေး၏ ထိရောက်မှှုနှင့် ပတ်သက်သည့် ကုသရေးဆိုင်ရာ စမ်းသပ်ချက်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့် နမူနာများကို ဒေါက်တာ Plowe ၏ အသင်းသို့ ပေးအပ်ခဲ့ကြသည်။
“ငှက်ဖျားရောဂါဟာ မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ တွေ့ရှိရတဲ့ အတွက် ဆေးယဉ်ပါးမှှုကြောင့် ဆေးမတိုးတော့တဲ့ ငှက်ဖျားရောဂါနဲ့ ပတ်သက်ပြီး လေ့လာမှှုတွေမှာ မြန်မာနိုင်ငံဟာ အထူးအရေးပါလှပါတယ်။ ဒါဟာ ထိုင်းနိုင်ငံနဲ့ ကွာခြားချက်ပါ။ ထိုင်းနိုင်ငံမှာဆိုရင် နိုင်ငံရဲ့ ဗဟိုအချက်အချာ ဒေသဟာ ငှက်ဖျားကင်းလွတ်တဲ့ ဒေသ ဖြစ်ပြီးတော့ ငှက်ဖျားပျံ့ပွါးမှှု မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ ဒေသ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငှက်ဖျား ဖြစ်ပွါး မှှုနှှုန်း မြင့်မားမှှု ဟာ မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံတွေ အကြား ရောဂါပျံ့ပွါးအောင် လမ်းခင်းပေးသလို ဖြစ်နေပါတယ်” ဟု ဒေါက်တာ Plowe က ရှင်းပြသည်။
ထို ဆေးယဉ်ပါး ငှက်ဖျားပိုးများ အနေဖြင့် အခြားငှက်ဖျားပိုးများနှင့် မျိုးစပ်ကာ ပေါက်ဖွားကြသည်လား၊ သို့မဟုတ် ထိုမျိုးစုတူ အချင်းချင်း အတွင်းမှာပင် ဒေသတခုတည်း၌ ပြန်လည်မျိုးပွါးကြပြီး တခြားဒေသများသို့ုိ မပျံ့ပွါးဘဲ နေကြ သည်လား ဆိုသည်ကို သိရှိရန် သုတေသီများ အနေဖြင့် လေ့လာကြမည်ဖြစ်သည်။
ထိုငှက်ဖျားပိုးမွှားများ၏ ဗီဇသဘောကို လေ့လာခြင်းအားဖြင့် သိပ္ပံပညာရှင်များသည် ဆေးဒဏ် ခံနိုင်သည့် ဗီဇများ ဒေသသစ်များသို့ မည်ကဲ့သို့ ပျံ့နှံ့သွားသည်ကို နားလည်လာမည် ဖြစ်ပြီး ထိုကဲ့သို့ ပျံ့နှံ့မှှှု ရပ်တန့်သွားရန် လုပ်ကောင်း လုပ်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ ဆေးဒဏ် ခံနိုင်သည့် ရောဂါပိုး ဗီဇများ ပျံ့နှံ့မှှုကို ထိန်းချုပ်နိုင်ရန် ကြိုးစားခြင်းသည် အရေးကြီးလှသည်ဟု သူကဆိုသည်။
အမေရိကန် အမျိုးသား ကျန်းမာရေး ဌာန NIH မှ ရရှိသည့် ဆု အသစ်များမှာလည်း ဒေါက်တာ Plowe ၏ သုတေသနအား ငွေကြေး အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။ ဓါတ်မတည့်ခြင်းနှင့် ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသား သိပ္ပံ (NIAID) မှ ၁ နှစ်လျှင် ဒေါ်လာ ငါးသောင်းနှှုန်းဖြင့် ၂ နှစ် ရရှိမည်ဖြစ်သည်။ ထို့ပြင် NIH ၏ Fogarty International Center မှ လက်ရှိ ထောက်ပံ့ထားမှှုအား နောက်တကြိမ် ဖြည့်စွက်ပေးငွေ အဖြစ် ဒေါ်လာ ငါးသောင်း ထောက်ပံ့မည်ဖြစ်သည်။ ထိုထောက်ပံ့ကြေးများဖြင့် မြန်မာနိုင်ငံအတွင်း သုတေသနလုပ် ငန်းများ အရှိန်မြှင့်ပြီး သင်တန်းများလည်း ပိုမိုပေးသွားနိုင်မည်ဖြစ်သည်။
ထိုစီမံကိန်း အားလုံးတွင် ဒေါက်တာ Plowe သည် Johns Hopkins Bloomberg School of Public Health မှ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးနှင့် ကုသရေးဆိုင်ရာ ဆေးဝါးသုတေသန လက်ထောက် ပါမောက္ခဖြစ်သူ မြန်မာ အမျိုးသမီး ဒေါက်တာ မြိုင်မြိုင်ညွန့် [M.D., Ph.D.] နှင့် တွဲဘက်၍ အလုပ်လုပ်မည် ဖြစ်သည်။
ဒေါက်တာ Plowe ၏ ဇနီးလည်းဖြစ်သည့် ဒေါက်တာ မြိုင်မြိုင်ညွန့်မှာ Open Society Institute ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသူဖြစ်ပြီး မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနနှင့် Johns Hopkins တက္ကသိုလ်တို့ အကြား သုတေသနနှင့် သင်ကြားရေး လုပ်ငန်းများတွင် တွဲဖက်ဆောင်ရွက်ရန် အလုပ်လုပ်နေခြင်း ဖြစ်သည်။