GSM ဆင်းမ်ကဒ်ကို ကျပ်တသိန်းနှစ်သောင်းခန့်ဖြင့် ဇန်နဝါရီမှာ ရောင်းချဖွယ်ရှိ

GSM ဆင်းမ်ကဒ်ကို ကျပ်တသိန်းနှစ်သောင်းခန့်ဖြင့် ဇန်နဝါရီမှာ ရောင်းချဖွယ်ရှိ
by -
မဇ္စျိမ

3G-GSM တန်ဖိုးနည်းဖုန်း ဆင်းကဒ်များကို ကျပ် တသိန်း နှစ်သောင်း ဝန်းကျင်ဖြင့် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း ရောင်းချပေးဖွယ်ရှိကြောင်း ဆက်သွယ်ရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ ကြားသိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးစိုးအောင် ကလည်း တန်ဖိုးနှင့် ရောင်းချမည့်ရက်ကို မသတ်မှတ်ရသေးသော်လည်း ရောင်းချရန် စီစဉ်ထားမှုများ ရှိနေကြောင်း မဇ္စျိမကို ပြောသည်။

“3G GSM တန်ဖိုးနည်း ဖုန်းတွေ ရောင်းချဖို့ စက်တွေကို အမြန်ပြင်ဆင်နေပါတယ်။ အဆင်ပြေတာနဲ့ ရောင်းပေးမှာ ပါ။ ရောင်းမယ့် ရက်ကိုတော့ မသတ်မှတ်ရသေးပါဘူး။ စျေးနှုန်းလည်း မသတ်မှတ်ရသေးပါဘူး” ဟု ပြောသည်။

စတင် ရောင်းချသည့်အခါ တိုင်းနှင့်ပြည်နယ် အားလုံး တပြိုင်တည်း ရောင်းချပေးသွားမည်ဟု ဆိုသည်။

“ရောင်းချပေးတဲ့အခါ ဝယ်ယူသူတွေ အဆင်ပြေအောင် ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အောက် မှာ မြန်မာ့ ဆက်သွယ်ရေးအနေနဲ့ ၁၁ နေရာ၊ ရတနာပုံ တယ်လီပို့က ၅ နေရာ၊ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် ပြင်ပ မြို့နယ် ခုနှစ်နေရာတို့မှာ ရောင်းပေးဖို့ စီစဉ်ထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယင်း 3G တန်ဖိုးနည်း ဖုန်းများကို လိုင်းအရေအတွက် တသန်း လေးသိန်း အထိ ရောင်းချပေးသွားမည် ဟုလည်း ပြောသည်။

ရန်ကုန်၌ ရောင်းချရာတွင် ရန်ကုန် စာတိုက်ကြီး၊ ပုဇွန်တောင် စာတိုက်၊ ဗိုလ်တထောင် စာတိုက်၊ အလုံ စာတိုက်၊ လမ်း၄ဝ အော်တို တယ်လီဖုန်းရုံး၊ ပန်းဆိုးတန်း ကြေးနန်းရုံး၊ ရွှေဂုံတိုင်ရုံး စသည့်နေရာများ ပါဝင်ကြောင်း သိရသည်။

“မကြာခင် ရောင်းချပေးမယ့် 3G ဖုန်းတွေကို ကျပ် ၁.၂ သိန်းနဲ့ ရောင်းရင်တောင် ဒေါ်လာနဲ့ တွက်ရင် ၁၆၅ ဒေါ်လာလောက် ရှိတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ တယ်လီဖုန်းစျေးနှုန်းနဲ့ နှိုင်းယှဉ်ရင် ထိုင်းနိုင်ငံမှာ ဆင်မ်ကဒ် တခုဒေါ်လာ ၂ဝ ပဲ ရှိတယ်။ ဒေါ်လာ ၃ဝ ဆိုရင် phone bill ပါပြီး hand set ရော ဆင်မ်ကဒ်ရော ရနိုင်ပါတယ်” ဟု ထိုင်းနိုင်ငံတွင် ပညာသင် သွားရောက်ခဲ့ဖူးသူ မနန်းထွေး က ပြောသည်။

Most read this week