KIO ဌာနချုပ် အနီး တိုက်ပွဲတွင် အစိုးရတပ် စစ်ရဟတ်ယာဉ်များသုံး တိုက်ခိုက်

KIO ဌာနချုပ် အနီး တိုက်ပွဲတွင် အစိုးရတပ် စစ်ရဟတ်ယာဉ်များသုံး တိုက်ခိုက်
by -
မဇ္စျိမ

တလအတွင်း နိုင်ငံရေး စတင်ဆွေးနွေးမည်ဟု အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်း က ပြောဆိုခဲ့ပြီးနောက် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အနီးတွင် သောကြာနေ့ နံနက်ပိုင်းမှ စတင်၍ အစိုးရဘက်မှ စစ်ရဟတ်ယာဉ်များနှင့် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း KIO ကဆိုသည်။

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ လဂျားယန် ကျေးရွာအနီးတွင် KIO ၏ ဗဟိုလုံခြံုရေး ရှေ့တန်းတပ်ဖွဲ့နှင့် အစိုးရ၏ တပ်ရင်း ခမရ ၃၈၃၊ ၃၈၈ နှင့် ခလရ ၄၀ တပ်ဖွဲ့များ နံနက် ၆ နာရီခန့်မှ စ၍ တိုက်ပွဲ ဖြစ်ပွားနေကြောင်း KIO ပြောခွင့်ရသူ ဦးလနန် က ပြောသည်။

“ဒီနေ့ မနက် ၆နာရီကနေ စပြီးတော့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်။ အခုလည်း ပစ်ခတ်တုန်းပါ။ ၁၁ နာရီ ပတ်ဝန်းကျင်မှာ MI 24 စစ်ရဟတ်ယာဉ် နှစ်စီးနဲ့ လာပစ်ခတ်တာမျိုး လုပ်တယ်။ ဒါ ပထမဆုံးအကြိမ် ဗဟိုနဲ့ အနီးဆုံး နေရာမှာ ရဟတ်ယဉ် အသုံးပြုတာ ဖြစ်တယ်။ တိုက်ပွဲက ပြင်းထန်တယ်လို့ ပြောရမယ်” ဟု မဇ္စျိမကို ပြောသည်။  

ထို့အပြင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ အစိုးရ အမြောက်စခန်း၊ ခမ်းကိုင်တောင်ပေါ်မှ ၁၀၅ မမနှင့် ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကူညီပေးနေသည်ဟုလည်း ဆိုသည်။  

“ဒီရှေ့တန်းမှာက မြေပြင်ကနေ ထိုးစစ်ဆင်တယ်။ ရဟတ်ယာဉ်ကနေ ပြန်ပြီးတော့ ပစ်ကူပေးတာမျိုး လုပ်နေတယ်။ ဒီပုံစံအတိုင်းဆိုရင် ပြင်းထန်းမယ့်ပုံပဲ။ ပန်ဝါဘက် သူတို့ အထိအခိုက်များလို့ ဒီဘက်ကို ထိုးစစ်ဆင်တဲ့သဘောလို့ပဲ ယူဆတယ်” ဟု သူက ဆက်ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုအခြေအနေ မသိရှိရသေးကြောင်း သူက ပြောသည်။  

လိုင်ဇာမြို့ စစ်ဘေးဒုက္ခသည်အချို့က လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေသဖြင့် စိုးရိမ်နေကြသည်ဟု လိုင်ဇာမြို့ခံ တဦးက ပြောသည်။  

ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ တိုက်ပွဲပေါင်း ရ၄ ကြိမ် ဖြစ်ပွားခဲ့သည်။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ က ကချင်ပြည်နယ်အတွင်း အစိုးရတပ်ဘက်မှ ထိုးစစ်ဆင်ခြင်း ရပ်ဆိုင်းထားရန်အတွက် သမ္မတ ဦးသိန်းစိန် က ကာကွယ်ရေးဦးစီးချုပ် (ထိုစဉ်က)ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ညွန်ကြားပြီးနောက် ယနေ့ထိ တိုက်ပွဲပေါင်း အနည်းဆုံး ၁,၃၆၀ ဖြစ်ပွားခဲ့သည်ဟု KIO ဘက်မှ ဆိုသည်။

လိုင်ဇာအနီး အစိုးရ စစ်အင်အား အမြောက်အများ ချထားခြင်း မရှိသော်လည်း ယနေ့ စစ်ရဟတ်ယာဉ်များ အသုံးပြု လာ၍ ရုတ်တရက် တပ်အင်အား ပို့ဆောင်နိုင်သည့် အခြေအနေမှာ ရှိနေသည်ဟု ဆိုသည်။

တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ KIO ထံ တရားဝင် ကမ်းလှမ်း ထားမှုရှိကြောင်းလည်း သိရသည်။

“KIO နဲ့ ပတ်သက်တွေ့ဖို့လည်း ကမ်းလမ်းထားဆဲပါပဲ။ ဝန်ကြီး ဦးအောင်မင်းအနေနဲ့ တရားဝင် ကမ်းလှမ်းထား တာရှိ တယ်။ သူတို့အကြောင်းပြန်မှာကို စောင့်နေတယ်။ ဒီရက်ပိုင်းလေးမှာပဲ” ဟု ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောသည်။

သို့သော် ထိုသို့ စစ်ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်နေသဖြင့် နှစ်ဖက် ပြန်လည် တွေ့ဆုံရန် အစိုးရဘက်မှ ကမ်းလှမ်းလာပါက KIO ဘက်မှ လက်ခံရန် ခက်ခဲကြောင်း ဦးလနန်က ပြောသည်။   

“ဒီလို တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ သူတို့ အစိုးရဘက်မှ ပြန်တွေ့ဖို့ အကြောင်းကြားလာမယ် ဆိုရင်တော့ ကျနော်တို့ ဘက်ကတော့ ဒီကိစ္စကို သိပ်စဉ်းစားမယ့် အချိန် မရှိသေးဘူး” ဟု မဇ္စျိမကို ပြောသည်။  

အောက်တိုဘာလ ၃၀ ရက်နေ့က ပြည်ထောင်စု အစိုးရ ငြိမ်းချမ်ရေးလုပ်ငန်းကော်မတီနှင့် KIO တို့ တွေ့ဆုံစဉ် တလအတွင်း နိုင်ငံရေး စတင်ဆွေးနွေးမည်ဟု ဝန်ကြီးဦးအောင်မင်း က ပြောဆိုထားခဲ့ပြီး ဖြစ်သည်။

Most read this week