မတရားသင်းပုဒ်မဖြင့် ရင်ဆိုင်နေရသူ ကချင် နှစ်ဦးကို ဖောက်ခွဲမှုဖြင့် ထပ်စွဲ

မတရားသင်းပုဒ်မဖြင့် ရင်ဆိုင်နေရသူ ကချင် နှစ်ဦးကို ဖောက်ခွဲမှုဖြင့် ထပ်စွဲ
by -
မဇ္စျိမ

မတရားအသင်း ဆက်သွယ်မှုဖြင့် တရားရင်ဆိုင်နေရသူ ကချင် စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ်နှင့် ဦးဘရန်ယုန်တို့ကို မြစ်ကြီးနားခရိုင် တရားရုံးက ဖောက်ခွဲ ၃ ဖြင့် ထပ်မံ စွဲဆိုလိုက်ကြောင်း မိသားစုဝင်နှင့် ရှေ့နေက ပြောသည်။

မြစ်ကြီးနားမြို့နယ်၊ ရွှေစက်ကျေးရွာ ကချင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းရှိ စစ်ပြေးဒုက္ခစခန်းတွင် ခိုလှုံနေသော ဦးဘရန်ယုန်နှင့် ဦးလဖိုင်ဂမ် တို့ကို ဇွန်လအတွင်းက ဖမ်းဆီးခဲ့ပြီး မတရားအသင်း ပုဒ်မ ၁၇(၁) ဖြင့် စွဲဆို ခဲ့ပြီးနောက် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဖောက်ခွဲ ၃ ဖြင့် ထပ်မံ စွဲဆိုထားမှုကို ဗုဒ္ဓဟူးနေ့တွင် ခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။

“ကျမတို့လည်း အံ့သြနေတယ်။ ဘာကြောင့် ဒီပုဒ်မ ပြန်တပ်တာလဲ မသိတော့ဘူး။ ကျမနဲ့ ကလေးတွေလည်း ဒုက္ခ ရောက်နေပါတယ် ဆိုမှ အမျိုးသားက နောက်ပုဒ်မ ပြန်တပ်လာတော့ စိတ်ညစ်နေရတယ်” ဟု ဦးဘရန်ယုန်၏ အမျိုးသမီး ဒေါ်ခေါန်နန် က မဇ္စျိမကို ပြောသည်။

ယနေ့ တရားရုံးသို့ ရောက်ရှိလာသော ဦးဘရန်ယုန်နှင့် ဦးလဖိုင်ဂမ်တို့မှာ ကျန်းမာရေး ကောင်းမွန်ပြီး တရားလိုဘက် မှ သက်သေများ ရောက်မလာ၍ စစ်ဆေးခြင်းမရှိဘဲ ဒီဇင်ဘာ ၁၉ ရက် နေ့မှာ ထပ်မံ ချိန်းဆိုလိုက်သည်။

ပုဒ်မ ၁၇(၁) အမှုနှင့် ပတ်သက်၍ တရားလိုဘက်မှ သက်သေများကို အင်္ဂါနေ့တွင် စစ်ဆေးခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စွဲချက် တင်သင့်၊ မတင်သင့် နှစ်ဖက်ရှေ့နေများ လျှောက်လဲမည် ဖြစ်သည်။

သူတို့ကို ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က ကွဲျကုန်သည်များနှင့် လိုက်ပါသွားရာမှ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၃၇ တပ်ဖွဲ့များ ဖမ်းဆီးခဲ့ပြီးနောက် စစ်ဘက်ရေးရာ လုံခြံုရေးတပ်ဖွဲ့ (စရဖ)၏ နှိပ်စက်မှု ခံခဲ့ရသည်ဟု သူ၏ မိသားစုက မဇ္စျိမကို ပြောဆိုခဲ့ဖူးသည်။

၎င်းတို့ နှစ်ဦးမှာ KIO စစ်သားများ မဟုတ်ကြောင်းနှင့် ဗုံးဖောက်ခွဲခြင်းလည်း မရှိသော်လည်း စရဖ မတရား ညှင်းပန်းနှိပ်စက်ခြင်းကြောင့် ဝန်ခံလိုက်ခြင်းသာ ဖြစ်ကြောင်း လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးမာခါး က ပြောသည်။  

“စရဖက KIO စစ်သားလုပ်တယ်ဆိုတဲ့ ကာလမှာ သူတို့က ဒုက္ခသည် စခန်းမှာပဲ နေနေတာ။ မတရားစွပ်စွဲတယ်။ ဘာခိုင်လုံတဲ့ အထောက်အထားမှ မရှိဘူး။ တရားရုံးကလည်း တရားမျှတတဲ့ ဘက်ကနေ ရှိနေရမယ်။ ခုသက်သေ အထောက်အထား မရှိဘဲနဲ့ တရားရုံးက ဘာမှ အရေးမယူပေးဘူး” ဟု မဇ္စျိမကို ပြောသည်။

KIO နှင့် အစိုးရ တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သော တနှစ်ကျော်ကာလအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များ မှ ဒေသခံများနှင့် စစ်ပြေးဒုက္ခသည်တချို့အား မတရားအသင်းနှင့် ဗုံးဖောက်ခွဲမှုတို့ဖြင့် အာဏာပိုင်များက လူ ရဝ ကျော် ဖမ်းဆီးခဲ့ပြီးနောက် ၃ဝ ကျော်အား ပြစ်ဒဏ်ချမှတ်ခဲ့သဖြင့်  ၄ဝ ကျော်မှာ ဆက်လက် တရားရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း ဦးမာခါးက ပြောသည်။