လက်ပံတောင်းတောင် ဆန္ဒပြမှု ဖြိုခွင်းရာတွင် ထိခိုက်ဒဏ်ရာ ရခဲ့ကြသူများနှင့် သံဃာထု တရပ်လုံးကို နိုင်ငံတော် သမ္မတနှင့် အစိုးရအဖွဲ့က ဝန်ချ တောင်းပန်ရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကြေညာချက် ထုတ်ပြန်လိုက်သည်။
၂ဝ၁၂ ခုနှစ်၊ ၁၂ လပိုင်း၊ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန် နောက်ဆုံးထား တောင်းပန်ခြင်း မရှိပါက နိုင်ငံအဝှမ်း အထွေထွေသပိတ် ဆင်နွဲသွားမည်ဟု မန္တလေးမှ ဦးဆောင် သံဃာတော်တပါး ဖြစ်သည့် ဦးပဥ္စင်း ဦးဥတ္တမသာရ က မိန့်ကြားသည်။
“ပြင်ဆင်ထားတာက ဦးပဥ္စင်းတို့ နေ့လည် ၁ နာရီမှာ စမယ်။ တနိုင်ငံလုံး ၁ နာရီမှာ လုပ်မယ်။ လုပ်တဲ့အခါမှာ ဦးပဥ္စင်းတို့ သံဃာတွေ ရှေ့ကနေ သွားမယ်။ နောက်ကနေ ကျောင်းသားတွေ လိုက်မယ်။ ကျောင်းသား နောက်ကမှ ပြည်သူတွေ လိုက်မယ်” ဟု စီစဉ်ထားရှိမှုကို မဇ္စျိမအား မိန့်ဆိုသည်။
အောက်မြန်မာနိုင်ငံ သံဃာတော်များနှင့် အထက်မြန်မာနိုင်ငံ သံဃာတော်များ ပူးပေါင်းပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီကို တနင်္လာနေ့က ဖွဲ့စည်းထားကြောင်း သိရသည်။
ကြေးနီစီမံကိန်း သပိတ်မှောက် သံဃာများအား “လူမဆန်စွာ မီးလောင်တိုက်သွင်း ချေမှုန်းမှုကို ရှုတ်ချသော အားဖြင့် တညီတညွတ်တည်း ပူးပေါင်းပါဝင်ကြပါရန်” ကြေညာချက်က တိုက်တွန်းထားသည်။
“အကောင်းဆုံးကတော့ ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေး ပြီးချင်တာပဲ၊ ဦးပဥ္စင်းတို့ တောင်းဆိုတာ ကလည်း ဘာမှ ခက်ခဲတာမှ မဟုတ်တာ။ ဒီလိုဟာမျိုးကို ပြေပြေလည်လည် ဖြစ်အောင်လုပ်သွားကြ ရင်အကောင်းဆုံးပဲ။ တကယ်လို့ သံဃာတွေကို ကပ်ဖဲ့ရပ်ဖဲ့ လုပ်နေမယ်၊ မလိုက်လျောချင်ဘူးဆိုရင်တော့၊ သူတို့ (အာဏာပိုင်) မှာပဲ တာဝန်ရှိတယ်လို့ ဦးပဥ္စင်းတို့က ပြောချင်တယ်” ဟု ဦးဥတ္တမသာရ က မိန့်ဆိုသည်။
ရန်ကုန်တွင် လက်ပံတောင်းတောင် ဆန္ဒပြမှုနှင့် ပါတ်သက်ပြီး ထိမ်းသိန်းခြင်းခံရသူ လူပုဂ္ဂိုလ် အချို့အား အင်္ဂါနေ့ နံနက်ပိုင်းက ပြန်လွတ်ပေးခဲ့သလို မန္တလေးတိုင်း အာဏာပိုင်များဘက်မှလည်း ညှိနှိုင်းဆွေးနွေးလို ကြောင်း အကြောင်းကြားလာသည်ဟု ဦးပဥ္စင်း က ဆက်မိန့်သည်။
“ကျန်တဲ့ အချက်တွေလည်း သူတို့က ညှိနှိုင်းဖို့ အကြောင်းကြားထားတာရှိတယ်။ မန္တလေးတိုင်း ဒေသကြီးက အကြောင်းကြားတာ။ ကြားလူက တဆင့်ပေါ့လေ။ ပြေလည်ဖို့ဆိုရင်တော့ ဆွေးနွေးမှာပဲ။ ဘယ်နေရာခေါ်ခေါ် မလိုက်ရဲ စရာမရှိဘူး။ ညနေ ၃ နာရီခွဲလောက်က သူတို့ (အာဏာပိုင်) ကနေ အကြောင်းကြားတာ၊ ဆွေးနွေးချင်လို့ လို့ပြော တယ်။ မနက်ဖြန် အထွေထွေသပိတ် ဆင်နွဲမယ့် ကိစ္စပါပဲ” ဟု မိန့်ကြားသွားသည်။
မန္တလေး ဆေးရုံ၌ လက်ပံတောင်း သပိတ်စခန်း ဖြိုခွင်းခံရမှုတွင် မီးလောင်ဒဏ်ရာ ရရှိသည့် သံဃာ ၂၃ ပါးနှင့် လူပုဂ္ဂိုလ် ၄ ယောက် တက်ရောက် ကုသနေရဆဲ ဖြစ်သည်။