မော်ချီး သတ္တုတွင်း ဆက်လက်မတိုးချဲ့ရန် ကရင်နီ မိုလိုကွန်ယက် တောင်းဆို

မော်ချီး သတ္တုတွင်း ဆက်လက်မတိုးချဲ့ရန် ကရင်နီ မိုလိုကွန်ယက် တောင်းဆို
by -
မဇ္စျိမ

နှစ်ပေါင်း ၁၀၀ ကျော်ကြာ လုပ်ကိုင်လာခဲ့သော ကယားပြည်နယ်ရှိ မော်ချီး သတ္တုတွင်း လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခြင်းကို ရပ်တန့်ရန် ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် မိုလို အမျိုးသမီးများ သတ္တုတွင်း စောင့်ကြည့်လေ့လာရေး ကွန်ယက်က အင်္ဂါနေ့တွင် တောင်းဆိုလိုက်သည်။

knwo

ဖားဆောင်းမြို့နယ်အတွင်းရှိ မော်ချီးသတ္တုတွင်း တူးဖော်ရေးလုပ်ငန်းကြောင့် မြေပြိုမှုများ၊ ရေညစ်ညမ်းမှု များနှင့် သစ်တောပြုန်းတီးမှုများ ဖြစ်ပွားစေ၍ “သတ္တုတွင်း လုပ်ငန်းကြောင့် ဘုံပျောက်လာသည့် မော်ချီး ဒေသခံများ” ဟူသော အစီရင်ခံစာကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
knwoမော်ချီးသတ္တုတွင်းတွင် ကျင်းကြီး ၈ ကျင်း၌ လုပ်ကွက်ပေါင်း ၂၆၄ ကွက်အတွင်း သစ်မာ အများအပြား အသုံးပြုရသဖြင့် သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှုများလည်း ရှိနေပြီး လူမှုဘဝ ပျက်စီးမှုဖြစ်ပေါ်စေသဖြင့် သတ္တုတွင်း အသစ်ထပ်မံ တိုးချဲ့ခြင်းကို ရပ်စဲ သင့်ကြောင်း အချက်အလက်များ ကောက်ခံခဲ့သူ နော်အားမူက ပြောသည်။

“မော်ချီးသတ္တုတွင်း လုပ်ကိုင်လာတာကလည်း နှစ်ပေါင်း ၁၀၀ ကျော်နေပြီ ဒေသခံတွေ ဘာအကျိုးအမြတ်မှ မခံစား ရဘူး။ သဘာဝပတ်ဝန်းကျင် ဆိုးကျိုးတွေပဲ ခံရတယ်။ အန္တရယ်ရှိတဲ့ ကျင်းတွေကို လုံးဝ ရပ်တန့်ရမယ်။ နောက်ထပ် တိုးချဲ့လာမယ့် စီမံကိန်းလုပ်ငန်းတွေ မလုပ်သင့်ဘူး။ ဥပမာ ၁၃ ကုန်းမှာ ရှိတဲ့ ကျင်းတွေဆိုရင် လုံးဝ ပိတ်ပေးရမယ်” ဟု ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ထို အစီရင်ခံစာ ထုတ်ပြန်နိုင်ရန်အတွက် မိုလို ကွန်ယက်က မော်ချီးဒေသသို့ တလကြာ သွားရောက်လေ့ လာခဲ့ပြီး အချိန် ၉ လကြာ စောင့်ကြည့်၍ ပြုစုခဲ့သည်ဟု သိရသည်။  

ခဲမဖြူ အဓိက ထွက်သည့် မော်ချီး သတ္တုတွင်းအား အစိုးရ၏ စီမံကိန်းအရ ခေတ်မီ နည်းပညာများဖြင့် တိုးချဲ့ထုတ်လုပ် ရန် သတ္တုတွင်း ဝန်ကြီး ဦးသိန်းထိုက် က ပြီးခဲ့သည့် သြဂုတ်လအတွင်း ပြောဆိုခဲ့သည်။

သတ္တုတွင်း တည်ရှိသော ကျေးရွာများတွင် လှိုင်ခေါင်းများ ဖြစ်ပေါ်ပြီး နှစ်စဉ် မိုးရာသီတွင် မြေပြိုလေ့ရှိသည်။ ၁၃ ကုန်း ကျေးရွာရှိ လုပ်ကွက် ကျင်းအမှတ် ၂၊ ၃၊ ၄၊ ၅ သည် လူနေအိမ်များ အောက်တွင် ရှိနေပြီး ဖောက်လုပ်စဉ် တုန်ခါမှုများ ရှိ၍ ရပ်တန့်ပေးရမည်ဟု နော်အားမူက ပြောသည်။

၂ဝ၁၁ ခုနှစ်၊ သြဂုတ်လက ၁၃ ကုန်းကျေးရွာမှ နေအိမ်တလုံး မြေကြီးအောက်သို့ ကျွံကျသွားသဖြင့် အမျိုးသမီး တဦးပါ မြေမြုပ်သွားရဖူးပြီး မြေပြို၍ ကျင်းလုပ်သား နှစ်ဦးလည်း မြေမြုပ်သေဆုံးခဲ့ဖူးသည်ဟု နော်အားမူက ဆိုသည်။

ထို့ပြင် မြေဧကပေါင်း ၃,ဝဝဝ အကျယ်အဝန်းရှိ ရာနှင့်ချီသော ၎င်း သတ္တုတူးဖော်ရေး လုပ်ငန်းအတွင်း အောက်ရွာ၊ ရေလမ်း၊ တောင်ပေါ်ရွာ၊ လိုခါးလို၊ ၁၃ ကုန်း၊ ဘူးလောပယ်၊ ကော်ဒူဒိုး၊ ဇီးပင်ကွေ့နှင့် ၁၆ ကုန်းရွာတို့မှ ဒေသခံ ၄,၄ဝဝ ကျော်၏ ကျန်းမာရေး ထိခိုက်မှုနှင့် ယာမြေပျောက်ဆုံးသည့် ပြဿနာများ ဖြစ်စေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။  

knwo1၁၃ ကုန်းနှင့် တောင်ပေါ်ကျေးရွာများသည် မူလက မိုလိုချောင်းရေကိုသာ သောက်သုံးခဲ့ သော်လည်း သတ္တု တူးဖော်ခြင်းကြောင့် ထိုချောင်းရေ လည်း သောက်သုံး၍ မရတော့ပေ။ လက်ရှိ သတ္တုတွင်းမှ ထွက်လာသည့် မြေအောက်ရေကို သာ ကျန်းမာရေးအရ ညီညွတ်မှု ရှိမရှိကို မသိဘဲ သောက်သုံးနေရ သည်ဟု သိရသည်။ ပကူးကရင်မျိုးနွယ်စုများ နေထိုင် ကြပြီး အများစုမှာ တောင်ယာ၊ ဖာလာပင် စိုက်ပျိုးခြင်းနှင့် သတ္တုတွင်း လုပ်ငန်းများ လုပ်ကိုင်နေကြသည်ဟု သိရသည်။

မော်ချီးဒေသသည် ယင်းသတ္တုတွင်း တူးဖော်ရေးလုပ်ငန်းခြင်းကြောင့် ဒေသခံများမှာ အဆုတ်ရောဂါ၊ ကျီးပေါင်းရောဂါ များ ခံစားနေရသည်ဟု အမျိုးသမီးကွန်ယက်က ပြောသည်။

၁၈၃ဝ ခုနှစ်မှ ယခုထိ နှစ်ပေါင်း ၁၀၀ ကျော်ကြာ သတ္တုတွင်း တူးဖော် ရေးလုပ်ငန်း လုပ်ကိုင်နေသော်လည်း ဒေသခံပြည်သူများ၏ ပညာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် စီးပွားရေး တိုးတက်ဖွံ့ဖြိုးခြင်း မရှိဘဲ အာဏာပိုင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များသာ အကျိုးအမြတ် ရရှိနေသည်ဟု မိုလို အမျိုးသမီးကွန်ယက် အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။

အင်္ဂလိပ် ကိုလိုနီခေတ်မှ စတင်ခဲ့ပြီးနောက် စစ်အစိုးရက ပြန်လည်ချုပ်ကိုင်ခဲ့ရာမှ ယခု ကယားပြည်နယ် သတ္တုတူးဖော် ရေး ကုမ္ပဏီ (KMPC) က လုပ်ကိုင်နေသည်။ ယင်းကုမ္ပဏီ၏ မန်နေဂျာ ဦးရဲထွန်းတင် မှာ ကြံ့ခိုင်ရေးပါတီမှ ဖားဆောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။ ထိုကုမ္ပဏီအား အမှတ် (၂) သတ္တုတွင်းဝန်ကြီးဌာနနှင့် ဦးပိုင်ကုမ္ပဏီ လီမီတက် တို့က ထိန်းချုပ်ထားသည်ဟု အစီရင်ခံစာက ဆိုသည်။

ထို့ကြောင့် ကွန်ယက်အနေဖြင့် မော်ချီးဒေသအတွင်း ဒေသခံများ ဖွံ့ဖြိုးရေး အကျိုးအမြတ်များ မရရှိဘဲ မည်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လုပ်ကိုင်မှုမှ လက်မခံကြောင်း မိုလိုကွန်ယက် က ပြောသည်။  

မိုလိုကွန်ယက်မှာ သံလွင်မြစ်ထဲ စီးဝင်သော မိုလိုချောင်း အား အစွဲပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်ပြီး ထိုင်းနယ်စပ် အခြေစိုက် ကရင်နီ အမြဲစိမ်းအဖွဲ့၊ ကရင်နီ လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေး ပင်မအဖွဲ့နှင့် ကရင်နီ အမျိုးသမီးအစည်း အရုံးတို့ ပူးပေါင်း၍ ဇန်နဝါရီလက ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။