ရှင်ဂမ္ဘီရ (ခေါ်) ကိုညီညီလွင်အား အာမခံငွေကျပ် သိန်း ၄၀ ဖြင့် တနင်္လာနေ့တွင် အင်းစိန်ထောင်မှ ထုတ်ကာ သန်လျင်တရားရုံးသို့ ခေါ်ဆောင်သွားမည်ဟု ၎င်း၏ အကိုအကြီးဖြစ်သူ ကိုအောင်ကျော်ကျော် က ပြောသည်။
“အာမခံ ရမယ်လို့ ပြောပါတယ်။ သန်လျှင်ရဲစခန်းက ဒုရဲအုပ်က အထက်က အာမခံပေးခိုင်းလို့ဆိုပြီး မနေ့ကမနက်က လာပြောတာ။ ကျနော်တို့ အခု အင်းစိန်ထောင် ရှေ့မှာ ရောက်နေတာ နာရီဝက်လောက် ရှိပြီ။ သူ့ကို ရုံးထုတ်ပေးမယ့် ရဲကို စောင့်နေတာပါ။ ဒီက သူ့ကို ထုတ်ပြီးရင် သန်လျင်မြို့နယ် ရဲစခန်းမှူးနဲ့ တရားသူကြီးကလည်း သန်လျင်တရားရုံး မှာ စောင့်နေပါပြီ” ဟု မဇ္စျိမကို ပြောသည်။
၂ဝဝ၇ ခုနှစ်၊ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုခေါင်းဆောင် အရှင်ဂမ္ဘီရ မှာ ၂ဝ၁၂ ခုနှစ်၊ ဧပြီလ လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာပြီးနောက် မဂ္ဂင်ကျောင်းတိုက်၊ ခြောက်ထပ်ကြီး ကျောင်းတိုက် နှင့် သန်လျင်မှ ဘုန်းကြီး ကျောင်းတို့ကို အာဏာပိုင်မှ ချိတ်ပိတ်ထားသည့် သော့အား ရိုက်ချိုးဖျက်ဆီးမှုဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့က ထပ်မံ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
“လွတ်မယ် ထင်ပါတယ်။ အန်တီလည်း မျှော်လင့်နေတာ” ဟု မိတ္ထီလာမြို့တွင် ရောက်နေသော မိခင်ဖြစ်သူ ဒေါ်ရေး က မဇ္ဈိမကို ပြောသည်။
ကိုညီညီလွင်အား သန်လျင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးဟန်နှင့် စာရေးဆရာ ဦးဇော်ဝင်း တို့မှ သိန်း ၂ဝ စီဖြင့် အာမခံပေးမည်ဖြစ်ကြောင်း ကိုအောင်ကျော်ကျော် က ပြောသည်။
ရွှေဝါရောင် လှုပ်ရှားမှုဖြင့် အရှင်ဂမ္ဘီရအား သာသနာညှိုးနွမ်းစေသည့် ပြစ်မှုနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို
နှောက်ယှက်မှု အပါအဝင် အမှုတွဲ ရ ခုဖြင့် ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခံရကာ အင်းစိန်ထောင်တွင် အကျဉ်းကျခံရစဉ် ဦးနှောက်နှင့် အာရုံကြော အခြေအနေ ဆိုးရွားသည့် အဖြစ်လည်း ကြံုတွေ့ခဲ့ရသေးသည်။