မုံရွာဆေးရုံမှ မန္တလေးဆေးရုံသို့ ပြောင်းရွှေ့ကုသနေရသည့် မီးလောင် ဒဏ်ရာ ပြင်းထန်သည့် သံဃာတော်များထံသို့ ဒီဇင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ထိုင်း အရေပြား အထူးကု ဆရာဝန်ကြီး Dr. Suthat Duangdeeden က လာရောက် ကြည့်ရှုသွားခဲ့ကြောင်း ဒဏ်ရာရ သံဃာတော်များအား ကုသနိုင်ရေးအတွက် ကမကထ ပြုနေသည့် ဦးဆောင် သံဃာတပါး ဖြစ်သူ ဦးသု (ခေါ်) ဦးဝိမလ က မိန့်ကြားသည်။
“အခုလည်း ဆက်လက် ပြီးတော့ ကြည့်ရှုနေပါတယ်။ နောက်ပြီး ထိုင်းအရေပြား ဆရာဝန်က လိုအပ်မယ့်
ဆေးပစ္စည်းတွေ၊ ဆေးပိုင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းလေးတွေကို နည်းနည်း လှူဒါန်းတဲ့ အခမ်းအနား မျိုးလည်း လုပ်ပါတယ်” ဟု မဇ္စျိမကို မိန့်ကြားသည်။
ထိုသို့ လာရောက်ကြည့်ရှုခဲ့စဉ်အတွင်း မန္တလေး ဆေးရုံအုပ်ကြီး ဒေါက်တာမောင်ဝင်း ကလည်း မိမိတို့အနေဖြင့်
ဆေးပိုင်းဆိုင်ရာ ဆွေးနွေးရာတွင် မိမိတို့အနေဖြင့် နိုင်ငံတကာ အဆင့်မီ ဆေးဝါးများဖြင့်လည်း အသုံးပြု ကုသလျက် ရှိနေသည်ဟု ထိုင်းအရေပြား ဆရာဝန်နှင့် မန္တလေး ဆေးရုံအုပ်ကြီးတို့ တွေ့ဆုံဆွေးနွေးစဉ်တွင် ပြောကြားခဲ့ကြောင်း ဦးဝိမလ က မိန့်သည်။
ထိုင်းအရေပြား အထူးကု ဆရာဝန်ကလည်း ဒဏ်ရာရ သံဃာတော် အများစုမှာ လက်ရှိ၌ ကျန်းမာရေး အခြေအနေ တိုးတက်လျက်ရှိသည်ဟု မှတ်ချက်ပြုခဲ့ပြီး ရေရှည် ဆက်လက် ကုသရဦးမည် ဖြစ်ကာ အဖျားရောဂါများ ဆက်လက်ခံစားရနိုင်မည်ဟု သတိပေးသွားသည်။ ဒဏ်ရာရသူ များစွာမှာ လရှည် ကုရမည့် လူနာများ ဖြစ်ကြောင်း ထိုင်းဆရာဝန်ကြီးက ပြောဆိုသွားသည်။
ဒဏ်ရာ ပြင်းထန်သည့် ဦးဇင်း တစ်ပါး ဖြစ်သည့် ဦးတိက္ခဉာဏ အား ထိုင်းနိုင်ငံ၌ ဆေးဝါး သွားရောက် ကုရန် စီစဉ်လျက်ရှိပြီး သံဃာ့မှတ်ပုံတင်မှာ မီးလောင်ကျွမ်းသွား၍ ယနေ့ မုံရွာသို့ဆင်း၍ သံဃာ့ မှတ်ပုံတင် အသစ်ပြန်လည် ရရှိရန် ကြိုးစားနေကြောင်း သိရှိရသည်။
ဦးတိက္ခဉာဏမှာ သက်တော် ၆၄ နှစ် ရှိပြီ ဖြစ်၍ ဆေးဝါး သုံးဆောင်ရသည့် အရှိန်ကြောင့် နုံးချိလျက် ရှိကာ ဒဏ်ရာအခြေအနေမှာ နောက်ကျောဖြင့် အမြဲတစေ အိပ်နေရသဖြင့် အနာများ ဆိုးဝါးလျက် ရှိသည်ဟု သိရှိရသည်။
ကိုယ်တော်ကြီးအတွက် နိုင်ငံကူး လက်မှတ် အမြန်ဆုံးရရှိရေးလည်း ကျန်းမာရေးနှင့် လူမှုရေး ဝန်ကြီးက စီစဉ်
ဆောင်ရွက်ပေးမည်ဟု ကတိပေးထားကြောင်း ဦးဝိမလ က မိန့်သည်။
ထိုသို့ နိုင်ငံခြားမှ ဆရာဝန်များ လာရောက် ကြည့်ရှုနိုင်ရန်အတွက် ပွင့်လင်းမုံရွာ လူ့အဖွဲ့အစည်း၊ ကချင် ငြိမ်းချမ်းရေး ကွန်ယက်တို့မှ အဓိက ဝိုင်းဝန်း ဆက်သွယ်ပေးခဲ့ သည်ဟု ယနေ့ ထိုင်းဆရာဝန်ကြီးအား လိုက်လံပို့ဆောင်ပေးခဲ့သူ ကိုဝင်းမင်းထွန်း က ပြောသည်။
“သူက ထိုင်းက ဆရာဝန် ကြီးပဲလေ။ ကုသဖို့ လာတာ မဟုတ်ဘူး။ လက်ရှိ ဒီမှာ ရှိနေတဲ့ သံဃာတွေရဲ့ အခြေအနေ အားလုံးကို ကြည့်ရှုခွင့်တော့ ရတယ်။ ကြည့်ပြီးတော့ ဘယ်လို နေရမယ်။ ဘယ်လို ထိုင်ရမယ် အဲဒီလို အကြံပေးပြီးပြောသွားတာ ရှိတယ်” ဟု မဇ္စျိမကို ပြောသည်။
ထိုင်းဆရာ ဝန်ကြီးသည် မန္တလေး ဆေးရုံမှ လက်ထောက် ဆရာဝန်မ တဦး၏ အကူအညီဖြင့် မေးရိုးဆိုင်ရာနှင့် တကိုယ်လုံး မီးလောင်ဒဏ်ရာ ရရှိထားသည့် သံဃာများအား အနီးကပ် ကြည့်ရှုသွားခဲ့ပြီး ဒဏ်ရာ ပြင်းထန် သည့် လူနာများကို အထူး စိတ်ဝင်တစား ကြည့်ရှုသွားကာ ကျန်သံဃာများကိုလည်း ကြည့်ရှုသွားခဲ့သည်ဟု ကိုဝင်းမင်းထွန်း က ဆိုသည်။
မန္တလေး ဆေးရုံ၌ လက်ပံတောင်း သပိတ်စခန်း ဖြိုခွင်းခံရမှုတွင် မီးလောင်ဒဏ်ရာ ရရှိသည့် သံဃာ ၂၃ ပါးနှင့် လူပုဂ္ဂိုလ် ၄ ယောက် တက်ရောက်၍ ကုသနေရဆဲ ဖြစ်သည်ဟု ဆိုသည်။
ဆက်လက်၍လည်း ထိုင်ဝမ်နှင့် အာဖရိကတိုက်သား ဆရာဝန်ကြီးများ လာရောက် ကြည့်ရှူ့ရန် စီစဉ်လျက်ရှိ သည် ဟုလည်း သိရသည်။