မြန်မာနှင့် အိန္ဒိယနိုင်ငံတို့တွင် ပျံ့နှံ့နေထိုင်လျက်ရှိကြသော နာဂ တိုင်းရင်းသားများအကြောင်း ရုပ်ရှင်ကား ရိုက်ကူးမည်ဟု ဒါရိုက်တာ ကြည်ဖြူသျှင် က ပြောသည်။
လက်ရှိ အာရုံစိုက်လျက်ရှိသော ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ပြီးနောက် ကိုယ်တိုင် ဦးစီးကာ နာဂဇာတ်ကားကို ရိုက်ကူးရန် စီစဉ်ထားပြီး အိန္ဒိယဘက်ခြမ်းရှိ Nagaland ပြည်နယ်သို့ ၂ဝ၁၃ ခုနှစ်၊ မတ်လတွင် သွားရောက်လေ့လာ မည်ဟု ဆိုသည်။
“အဓိက ကတော့ နာဂ ရုပ်ရှင်ကားရိုက်ဖို့ ရှိလို့။ နာဂနဲ့ ပါတ်သက်ပြီးတော့ Nagaland ရော၊ မြန်မာပြည်က Naga Hill (နာဂတောင်တန်း)ရော နာဂလူမျိုးတွေအကြောင်း ရုပ်ရှင်ကားကြီး ရိုက်ဖို့၊ နာဂ အဖွဲ့အစည်းနဲ့ ဆက်သွယ်မိပြီး သူတို့ဘက်က ရုပ်ရှင် ရိုက်ဖို့ ကမ်းလှမ်းတယ်။ ဇာတ်ကားရိုက်ဖို့ သွားလေ့လာမယ်” ဟု မဇ္စျိမကို ပြောသည်။
နာဂတိုင်းရင်းသားများ၏ လက်မှုအနုပညာ ရှေးရိုးရာ အသုံးအဆောင်များ ဖြစ်သည့် ပုတီးဆွဲကြိုး၊ ရိုးရာစောင်များနှင့် ၎င်းတို့၏ အနုပညာ ဖန်တီးမှုသည် စိတ်ဝင်စားဖွယ်ကောင်း၍ ရုပ်ရှင်ကား ရိုက်ကူးရန် ဆန္ဒပြင်းပြခဲ့သည် ကြည်ဖြူသျှင် က ဆိုသည်။
“နိုင်ငံခြားသားတွေ ကြိုက်တဲ့ နာဂ ဓါတ်ပုံတွေ၊ နိုင်ငံခြားသားတွေ ထုတ်တဲ့စာအုပ်တွေကို ကြည့်ရတယ်။ အနုပညာ သမား တယောက်အနေနဲ့ သူတို့ရဲ့အိမ်တွေ၊ အနုပညာ ပစ္စည်းတွေ၊ အကုန်လုံးက အရမ်းစိတ်ဝင်စားစရာ ကောင်းတယ်။ အရမ်း ဆွဲဆောင်တယ်။ ဒါကြောင့် နာဂ အကြောင်းရိုက်မယ်လို့ စဉ်းစားတယ်” ဟု ပြောသည်။
ထိုရုပ်ရှင်ကားကြီး ရိုက်ကူးရာတွင် ဝတ္တုဆန်ဆန်ရိုက်မှာ မဟုတ်ဘဲ ဇာတ်လမ်း ရေးသားရာတွင် နာဂ တိုင်းရင်းသား ပညာရှင်များ ကိုယ်တိုင်ပါဝင်မှာဖြစ်ပြီး ဝေးလံခေါင်ဖျားသည့် နေရာမှ ရိုးသားကြိုးစားသည့် နာဂ ခေတ်လူငယ်များ အကြောင်းလည်း ပါဝင်မည်ဟု သိရသည်။
မြန်မာဘက်ခြမ်းရှိ နာဂတိုင်းရင်းသားများမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် ဆင်းရဲနွမ်းပါးမှုများ ရင်ဆိုင် ကြံုတွေ့နေရပြီး အိန္ဒိယဘက်ခြမ်းရှိ နာဂတိုင်းရင်းသားများမှာမူ တိုးတက်ခေတ်မီကြောင်း သူက နှိုင်းယှဉ်ပြောပြသည်။
“နာဂမှာ အရမ်းပြည့်ဝတဲ့ ပညာတတ်တဲ့သူတွေ ရှိတယ်။ ကျမ တို့နိုင်ငံမှာရှိတဲ့ နာဂ လူမျိုးတွေက အရမ်းဆင်းရဲတယ်။ တဘက်နိုင်ငံမှာရှိတဲ့ နာဂလူမျိုးတွေက အရမ်း တိုးတက်ပြီး အရမ်းခေတ်မီတယ် ဆိုတာကိုလည်း သိစေချင်တယ်။ ကျမတို့ နာဂ တောင်တန်းက ကြိုးစားတဲ့သူတွေက တဘက်နိုင်ငံမှာ စာသွားသင်တာတွေ ရှိတယ်။ တောင်တန်းတွေ ကို ကျော်ပြီးသွားသင်တယ်။ ကမ္ဘာပါတ်နေတဲ့ နာဂတွေ ရှိတယ်ဆိုတာ သိစေချင်တယ်။ လူဆိုတာ တကယ်ကြိုးစားလို့ ရှိရင် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အောင်မြင်နိုင်တယ်။ ခေါင်တဲ့ နေရာမှာရှိတဲ့ အရမ်းကြိုးစားတဲ့သူတွေ အကြောင်း ကျမက သိရတယ်” ဟု ကြည်ဖြူသျှင် က ဆိုသည်။
ထိုဇာတ်ကားကြီးကို နိုင်ငံတကာအဆင့် ပြသနိုင်ရန်အတွက် အချိန်ယူ ရိုက်ကူးမည်ဟု သိရသည်။
အမျိုးသမီး ဒါရိုက်တာ ကြည်ဖြူသျှင်၏ မှတ်တမ်းတင် ရုပ်ရှင်ကားတကားမှာ အမေရိကန် အခြေစိုက် အဖွဲ့တခု၏ ၂ဝဝ၈ ခုနှစ်အတွက် အကောင်းဆုံး မှတ်တမ်းတင် ရိုက်ကူးချက် "2008 Best Short Award " ဆု ရရှိခဲ့ဖူးသည်။ ထို့အပြင် အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ အခြေစိုက် National Geo-graphic အဖွဲ့မှ ဦးစီး ကျင်းပခဲ့သော ၅ ကြိမ်မြောက် ရုပ်ရှင်ပွဲတော်၌ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးသော A Sketch of Wathone သည် ဆုရရှိခဲ့သည်။